နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၉ ရက်

နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါ ကို ထောက်ခံပြီး ကန့်ကွက်နေသူများကို ရှုံချကြောင်း အပစ်ရပ် ၇ ဖွဲ့တုန့်ပြန်သည့်ကြေညာချက်တစ်စောင်ကို ဇူလိုင်လ ၅ရက်နေ့က ထုတ်ပြန်ခဲ့သည်။

နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါသည် အာဏာသိမ်း စစ်ကောင်စီကို အားပေးအားမြောက်မရှိဘဲ ပြည်တွင်းပဋိပက္ခကြောင့် ကူမည့်သူမရှိဖြစ်နေသော စစ်ပြေးစစ်ရှောင်များနှင့် ဒုက္ခသည်များကို ကူညီနိုင်ရန်အတွက် ဆက်သွယ်ဆက်ဆံခြင်းသာဖြစ်ကြောင်း အပစ်ရပ် ၇ ဖွဲ့တာဝန်ရှိသူက ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ် (NCA) လက်မှတ်ထိုးထားသည့် အပစ်ရပ် ၇ ဖွဲ့က နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ၏ မြန်မာ့ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် ထောက်ခံကြိုဆိုကြောင်း ပြောဆိုထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ယခင်အစိုးရ အဆက်ဆက်ကတည်းက တိုင်းရင်းသားနယ်မြေအတွင်းရှိ IDPs များ၊ စစ်ပြေးစစ်ရှောင် များနှင့် ဒုက္ခသည်များကို ကူညီပံ့ပိုးပေးနေသော မစ္စတာ ဆာဆာကာဝါနှင့် ၎င်း၏အဖွဲ့အစည်း ဖြစ်သည့် နီပွန်ဖောင်ဒေးရှင်းကို တက်ကြွလှုပ်ရှားသူဟု ဆိုသော ပုဂ္ဂိုလ်အချို့မှ တိုက်ခိုက်ထိုးနှက်နေမှု အပေါ် အပစ်ရပ် ၇ ဖွဲ့အနေဖြင့် ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားသည်။

“နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌက သူလုပ်သင့်လုပ်ထိုက်တာတွေကို လုပ်နေတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ပဋိပက္ခရှိနေတယ်။ ပဋိပက္ခကြောင့် စစ်ပြေးစစ်ရှောင်တွေ၊ ဒုက္ခသည်တွေကို ကူတဲ့သူမရှိပါဘူး။ မရှိတော့ နီပွန်ဖောင်ဒေးရှင်းက ကူပါတယ်။ ကူတဲ့ဟာကို လက်ရှိစစ်ကောင်စီနဲ့ စကားမပြောဘဲနဲ့လည်း ကူလို့မရတော့ သူ့ကို ဆက်သွယ်ဆက်ဆံပြီးတော့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူတွေကို လမ်းဖောက်ရတာ ပေါ့ဗျာ။ လမ်းဖောက်ဖို့ကျတော့ သူနဲ့စကားပြောဖို့ လိုလာတော့ အဲဒီအကြောင်းပြချက်နဲ့ ဆက်သွယ် ဆက်ဆံတယ်လို့ ကျွန်တော်ယူဆတယ်ဗျ။ တရားဝင်မှုကို ရစေချင်လို့ တမင်တကာ တရားဝင်မှုကို သွားပေးတယ်လို့တော့ မထင်ဘူး။ အားပေးအားမြောက် မရှိဘူးလို့တော့ ကျွန်တော်ယူဆပါတယ်” ဟု အပစ်ရပ် ၇ ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြန်မာပြည် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် ဂျပန်အစိုးရသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်အဖြစ် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါကို တာဝန်ပေးခဲ့ပြီး ထိုလုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပူးပေါင်းဆောင်ရွက်နေကြောင်း အပစ်ရပ် ၇ ဖွဲ့က ထုတ်ပြန်ပြောဆိုသည်။

ယင်းအပြင် မစ္စတာဆာဆာကာဝါ ဦးဆောင်သည့် နီပွန်ဖောင်ဒေးရှင်းသည် တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးအတွက် မြို့သစ်စီမံကိန်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ ထောက်ပံ့ခြင်းအပြင် လူသားချင်းစာနာမှု အကူအညီများတွင် အပစ်ရပ် ၇ ဖွဲ့၏ နယ်မြေများ၌ အခြေခံရိက္ခာ ဆန် ဖြန့်ဝေပေးမှုအား ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ဆန်အိတ်ရေ ၆၄၀၀၀ ဖြန့်ဝေပေးခဲ့သလို ၂၀၂၃- ၂၀၂၄ ခုနှစ်အတွက်လည်း ဆက်လက်ဖြန့်ဝေနိုင်ရန် စီစဥ်လျက်ရှိကြောင်း အပစ်ရပ် ၇ ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

“အဲဒီလိုကူခဲ့တဲ့အပေါ်မှာ တချို့က အမြင်မကြည်လင်ကြဘူး။ ဥက္ကဋ္ဌကြီး ဆာဆာကာဝါကို အထူးကိုယ်စားလှယ် ပေးထားတာ ပြန်ရုပ်သိမ်းဖို့ နောက်ပြီးတော့ သူ့ကြောင့် လက်ရှိစစ်ကောင်စီက သက်ဆိုးရှည်တယ်တို့ဘာတို့ စသည်ဖြင့် ဂျပန်ကိုသွားပြီးတော့ ဂျပန်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သွားပြီး ကန့်ကွက်မှုတွေ တက်တယ် ကြားလို့ပါ။ ကျွန်တော်တို့ဘက်ကလည်း ဥက္ကဋ္ဌကြီး ဆာဆာကာဝါကို ကျွန်တော်တို့နဲ့ အလုပ်လုပ်နေတာ ကြာတဲ့အတွက် ထောက်ခံတဲ့အကြောင်း၊ ပူးပေါင်းဆောင်ရွက်တဲ့အကြောင်းပေါ့ ထုတ်ပြန်ရခြင်းဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

လက်ရှိအချိန်သည် ပဋိပက္ခဒဏ် ခံစားနေရသည့် တိုင်းရင်းသား ပြည်သူများ၏ အကျိုးအတွက် နီပွန်ဖောင်ဒေးရှင်း နှင့် ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါအား အပြည့်အဝထောက်ခံကြောင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အပစ်ရပ်အဖွဲ့များဖြစ်သည့် ALP ၊ DKBA ၊KNU/KNLA PC ၊ LDU ၊ NMSP နှင့် PNLO တို့က လက်မှတ်ရေးထိုး ဆန္ဒပြု ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – NCA-S EAO

#နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ #ဆာဆာကာဝါ #ထောက်ခံပြီး #ကန့်ကွက်နေသူများ #ရှုံချကြောင်း #အပစ်ရပ်၇ဖွဲ့တုန့်ပြန်
#Ayeyarwaddy_Times