ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၆ ရက်

ယမန်နေ့က ဆင်နာလိုပြည်နယ်မှာ မက္ကဆီကိုရေတပ်က ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လူ ၁၄ ဦး သေဆုံးခဲ့တယ်လို့ ရေတပ် တာဝန်ရှိသူတွေက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

Black Hawk ရဟတ်ယာဉ်တစ်စင်း ကမ်းရိုးတန်းမြို့ တော် လော့စ်မိုချီမြို့မှာ ပျက်ကျခဲ့ပြီး ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ မက္ကဆီကိုရေတပ်က ပြောပါတယ်။

ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လူ ၁၅ ဦးကို ဆေးရုံပို့ဆောင်ခဲ့ပေမယ့် ၁၄ ဦး သေဆုံးခဲ့ပြီး တစ်ဦးက ဆေးကုသမှု ခံယူနေတယ်လို့ မက္ကဆီကိုရေတပ်က ဆိုပါတယ်။

ရဟတ်ယာဉ်ပျက်ကျမှုက မနေ့က နာမည်ဆိုးနဲ့ကျော် ကြားတဲ့ မူးယစ်ရာဇာ ရာဖေးကာရိုကွင်တဲရိုးကို ဖမ်းဆီးရမိမှုနဲ့ ဆက်စပ်မှုမရှိဘူးလို့ မက္ကဆီကိုရေတပ်က ပြောပါတယ်။

ရဟတ်ယာဉ်ပျက်ကျမှုက စစ်ဆင်ရေးနဲ့ပတ်သက်ပေမယ့် ရဟတ်ယာဉ်ပေါ်မှာမူးယစ်ရာဇာ ရာဖေးကာရို ကွင်တဲရိုး မပါရှိဘူးလို့ အမေရိကန် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

၁၉၈၅ ခုနှစ်က အမေရိကန် ထောက်လှမ်းရေးတစ်ဦး သတ်ဖြတ်ခံရမှုမှာ ပါဝင်ခဲ့တဲ့ မူးယစ်ရာဇာ ရာဖေး ကာရိုကွင်တဲရိုးဟာ မက္ကဆီကို အကျဉ်းထောင် တစ်ခုကနေ ထွက်ပြေးလွတ်မြောက်ခဲ့ကာ မူးယစ်မှောင်ခိုလောက သို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုအကြာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ မက္ကဆီကိုရေတပ်က ပြောပါတယ်။

မူးယစ်ရာဇာ ရာဖေးကာရိုကွင်တဲရိုးဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆုကြေးငွေ ဒေါ်လာ သန်း ၂၀ ထုတ်ထားခြင်းခံရတဲ့ FBI ရဲ့ အလိုရှိဆုံးစာရင်းမှာ ပါဝင်သူဖြစ်ပါတယ်။ မူးယစ်ရာဇာ ရာဖေးကာရိုကွင် တဲရိုးကို ၂၀၁၈ ခုနှစ်မှာ FBI ရဲ့ အလိုရှိဆုံး ၁၀ ဦးစာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

ကိုးကား – CBS News
Ref; 14 killed after Mexican Navy helicopter crashes