ကိုကိုမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဇူလိုင်လ ၁၅ ရက်
ဧရာဝတီတိုင်း၊မအူပင်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်အရေးယူခံထားရသည့် ဒေသခံ ၁၀၀ ကျော်အထိရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့် အရေးယူခံထားရသူ ၅၀ ခန့်၊ သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေပုဒ်မဖြင့် အရေးယူခံထားရသူ ၁၂ ဦးနှင့် ပေါက်ကွဲစေတက်သောဝတ္ထုပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ – ၃ အရ အမှုဖွင့်အရေးယူထားသူ ၂၀ ကျော်အထိရှိနေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူအချို့ထံမှ သိရသည်။
” ဒေသခံတွေကို ပုဒ်မ ၅၀၅ – ကနဲ့အမှုဖွင့် ဖမ်းဆီးထားတဲ့သူတွေကတော့ ၁၀၀ ကျော်အထိရှိပြီ။ အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)၊ ၅၀(ဂ)တွေနဲ့ အမှုဖွင့်ထားတာ ၅၀ ရှိတယ်။ သဘာဝဘေး ၄ မှုတို့ဖြင့်အမှုဖွင့်ထားရှိသူ ၁၂ ဦး၊ ပေါက်ကွဲစေတက်သောဝတ္ထုပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ – ၃ အရ အမှုဖွင့်အရေးယူထားသူ ၂၀ ကျော်အထိရှိတယ်” ဟု မအူပင်မြို့နယ်ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းယူပြီးနောက် ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲဦးဆောင်ပါဝင်သူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ NLD ပါတီဝင်များ၊ CDM ဝန်ထမ်းများ အပါအဝင် ဒေသခံများအပေါ် စစ်ကောင်စီက စွပ်စွဲဖမ်းဆီးမှုများပြုလုပ်နေသည့်အတွက် ယနေ့အချိန်အထိ ဖမ်းဆီးခံရသည့် ဒေသခံ ၂၀၀၀ ကျော်အထိရှိနေပြီး ထွက်ပြေးတိမ်းရှောင်နေရသူ အများအပြားရှိနေကြောင်း ဒေသခံများထံမှ သိရသည်။