ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၅ ရက်
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှ ရှမ်းပြည် (မြောက်ပိုင်း)သို့ စစ်ကောင်စီတပ်၏ ကပစ တပ်ထုတ်မဟုတ်သည့် စစ်လက်နက်ခဲယမ်းများကို စစ်ယာဥ်တန်းဖြင့်တင် ဆောင်လာသည့် ကော့ကရိတ်မြို့အခြေစိုက် အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ – ၁၂) မှ စစ်ကောင် စီတပ်ဖွဲ့ဝင်များကို လူခွဲ၍ စစ်ကြောရေးလုပ်နေကြောင်း စစ်သတင်းရင်းမြစ်များထံကသိရသည်။
တရားမဝင်လက်နက်တင်ဆောင်သည်ဟုဆိုကာဇူလိုင်လ ၅ ရက်နေ့က လားရှိုးမြို့ အမှတ် ၆၂၆ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်းတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခံခဲ့ရသည့် စကခ ၁၂ မှ စစ်ဦးစီးမှူး ဗိုလ်မှူး ရဲဇော်ထွန်းအပါအဝင် စကခ ၁၂ လက်အောက်ခံတပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ၊အခြားအဆင့် ၅၀ ဦးကို စစ်ကောင်စီတပ်ကစစ်ကြောနေခြင်းဖြစ်သည်။
လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) လက်အောက်ရှိ တပ်ရင်းများတွင် လူခွဲဖမ်းဆီးထားပြီး ၁၀ ရက်ကြာသည်အထိ စစ်ကောင်စီတပ်၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) ကစစ်ကြောရေးလုပ်နေခြင်းဖြစ်ပြီး ရိုက်နှက်စစ်ဆေးနေသည်ဟုဆိုသည်။
” သူတို့ကို ဖမ်းပြီးထဲကသူတို့ကိုင်တဲ့လက်နက်တွေအကုန်သိမ်းပြီး၊ ရမခ ထဲကတပ်ရင်းတွေက ဗဟိုကင်းအချုပ်တွေမှာခွဲပို့ပြီးစစ်နေတာ။ တပ်ရင်း ၁ ခုကို ၂ ယောက် ၃ ယောက်ခွဲပို့ပြီး စစ်နေတာ။ ရိုက်နှက်ပြီးစစ်နေတာတွေလည်းရှိတယ်။ လူများတော့ တပ်ရင်း ၁၀ခုကျော်လောက်မှာခွဲထားတယ်။ သူတို့ကိုစစ်ပြီးတော့ပါတဲ့လူတွေကိုထပ်ရှာပြီး ဖမ်းနေတယ်” ဟု ရမခ စစ်တိုင်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဗိုလ်မှူး ရဲဇော်ထွန်းဦးဆောင်သည့်အရာရှိ ၉ဦးနှင့် အခြား အဆင့် ၄၁ ဦးတို့သည် စကခ ၁၂စစ်ဆင်ရေး ဝင်ရောက်နေသည့် ရှမ်း(မြောက်) ဒေသသို့ စစ်ကူလာရောက်ပို့ဆောင်ခြင်းဖြစ်ပြီး ၄င်းတို့၏ စစ်ကား ၅ စီးပါ ယာဥ်တန်းတွင် စစ်ကောင်စီတပ်ထုတ်မဟုတ်သည့် လက်နက်သေတ္တာ ၁၀လုံးကို တင်ဆောင်လာသဖြင့် လားရှိုးမြို့တွင် ခေတ္တယာဥ်တန်းနားခိုစဥ် စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လက်နက်ပို့ဆောင်မှုတွင် လက်နက်သေတ္တာများတင် ဆောင်ပေးခဲ့သည့် စကခ ၁၂ လက်အောက်ခံ သင်္ကန်းညီနောင်အခြေပြု ခမရ ၃၅၇ တပ်မှ နောက်တန်းဌာနချုပ်မှူး ဗိုလ်မှူး အောင်နိုင်ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ကြောနေပြီး မိသားစုနှင့် အဆက်သွယ်ပြတ်တောက်နေကြောင်းသိရသည်။
အဆိုပါ ကရင်ပြည်နယ်မှ ရှမ်း(မြောက်)ဒေသသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှလက်နက်များပို့ဆောင်မှု သည် ရှမ်း(မြောက်)ဒေသရှိဒေသကာကွယ်ရေးတပ် ဖွဲ့တခုခု (သို့မဟုတ်) EAO တပ်ဖွဲ့တခုခုထံသို့ ပို့ဆောင်မည့်လက် နက်ခဲယမ်းများဖြစ်နိုင်ကြောင်း CDM တပ်မတော်သားအရာရှိတဦးက သုံးသပ်ပြောဆိုထားသည်။