ဧရာဝတီတိုင်းမ်
ဇူလိုင် ၁ ရက်

ရန်ကုန်တိုင်းအတွင်းရှိ စျေးနှုန်းများဖြစ်ပါသည်။

(ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ရန်ကုန်မြို့အတွင်းရှိ ဒေါ်လာ၊ ရွှေ၊ စက်သုံးဆီဈေးနှုန်၊ ညောင်ပင်လေးဈေးနှင့် လက်လီဈေးကွက်တို့တွင် ဇွန်လ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ကောက်ယူထားသည့်စျေးနှုန်းများဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ်နိုင်ပါသည်။)

ယခု ဇွန်လ နောက်ဆုံးပတ်တွင် စစ်ကောင်စီထိန်းချုပ်မှုကြားက အမေရိကန် ဒေါ်လာ ငွေလဲနှုန်းနှင့် ပြည်တွင်း ရွှေဈေးမြှင့်တက်နေပြီး စက်သုံးဆီဈေးနှုန်း တည်ငြိမ်နေကာ အခြေခံစားသောက်ကုန်အပါအဝင် စားဖိုဆောင်သီးနှံ ဈေးနှုန်းများမြှင့်တက်လျက် ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် အမေရိကန်နိုင်ငံက စစ်ကောင်စီ၏ နိုင်ငံခြားသုံး ငွေလမ်း ကြောင်းဖြစ်သော နိုင်ငံတော်ပိုင်ဘဏ်နှစ်ခုကို ပိတ်ဆို့အရေးယူ လိုက်ပြီး နောက်ပိုင်း အထွေထွေကုန်ဈေးနှုန်းများမြှင့်တက်လာ ခြင်းဖြစ်သည်။

ထို့ပြင်စစ်ကောင်စီက ပြည်တွင်းဘဏ်များနှင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းများအပါအဝင် မည်သည့်ကိစ္စဖြင့် ဒေါ်လာဝယ်ယူသည်ဖြစ်စေ စစ်ကောင်စီလက်အောက်ခံနိုင်ငံတော် ဗဟိုဘဏ်သို့ စာတင်ပြရမည်ဟုဆိုကာ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်အကန့်အသတ်ဖြင့် ထပ်မံတင်းကျပ်လိုက်သည်။

#နိုင်ငံခြားငွေလဲလှယ်နှုန်း

လက်ရှိတွင် အမေရိကန်ဒေါ်လာငွေလဲနှုန်း မတည်ငြိမ်မှုများကြောင့် တရားဝင် လိုင်စင်ရငွေလဲကောင်တာ တချို့တွင် ကန်ဒေါ်လာလဲလှယ်ရေး ပိတ်ထားပြီး ပြင်ပဈေးကွက်တွင်သာ ဒေါ်လာအရောင်းအဝယ်ဖြစ် နေကြောင်းနိုင်ငံခြား ငွေလဲ ဈေးကွက်အတွင်းမှ သိရသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်းထား အမေရိကန်ဒေါ်လာဈေးနှုန်းတွင် ပြီးခဲ့သည့် ဇွန် ၁၆ ရက်နေ့က အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၂၉၇၀ ကျပ်ရှိရာမှ ယမန်နေ့ ဇွန် ၃၀ ရက်နေ့တွင် ၃၁၅၀ ကျပ်ပေါက်ဈေးဖြစ်ပေါ်လာပြီး ကျပ်ငွေ ၂၀၀ နီးပါးမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဒေါ်လာရောင်းလိုသူနည်းပါးနေပြီး ဝယ်ယူလိုသူသာရှိနေသဖြင့် တချို့နေရာများ တွင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၃,၂၀၀ မှ ကျပ် ၃,၂၅၀ ကြား ရောင်းဝယ်မှုများရှိကြောင်းသိရသည်။

ဒေါ်လာစျေးနှင့်အတူ ထိုင်းဘတ်ဈေးမှာ ပြီးခဲ့သည့် ဇွန် ၁၆ ရက်နေ့က ထိုင်းတစ်ဘတ်လျှင် ၈၅ ကျပ်ရှိရာမှ ပြီးခဲ့သည့်ရက်ပိုင်းတွင် ထိုင်း တစ်ဘတ်လျှင် ကျပ် ၉၀ အထိမြင်တက်ခဲ့ပြီး ယမန်နေ့ ဇွန် ၃၀ ရက်နေ့တွင် ၈၈ ကျပ်သို့ ပြန်လည်ကျဆင်းခဲ့ သည်။

စစ်ကောင်စီက မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်ရေးဇုန်များတွင် တရုတ်ငွေကြေး ယွမ်ငွေသာ အသုံးပြုရမည် ဖြစ်ကြောင်းကြေညာချက် ထပ်မံထွက်လာချိန်တွင် ယွမ်ငွေလဲ လှယ်ရေးဈေးနှုန်းမြင့်များ တက်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန် ၁၆ ရက်နေ့တွင် တစ်ယွမ်လျှင် ကျပ် ၄၁၇ ဖြင့်လဲလှယ်နေရာမှ လွန်ခဲ့သည့်ရက်ပိုင်းတွင် တစ်ယွမ်လျှင် ကျပ် ၄၄၀ ကျော်ထိရောက်ရှိခဲ့ပြီး ယနေ့ ဇွန် ၃၀ တွင် တစ်ယွမ်လျှင် ၄၃၆ ကျပ်နှုန်းထားဖြင့် လဲလှယ်နေကြောင်းသိရသည်။

#ပြည်တွင်းရွှေဈေးနှုန်း

ကန်ဒေါ်လာဈေးလှုပ်ခတ်မှုနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်းမှာလည်း ဈေးအတက်၊ အကျမြန်ဆန်နေသဖြင့် ရွှေဆိုင်တချို့က အကယ်ဒမီအခေါက်ရွှေအရောင်းအဝယ် ပိတ်ထား သည်မှာ သီတင်းတစ်ပတ်ကျော်ကြာမြင့်ပြီဖြစ် သည်။

ဇွန် ၁၆ ရက်နေ့တွင် အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် သိန်း ၃,၀၀၀,၀၀၀ ဝန်းကျင်ရှိရာမှ ယနေ့တွင် ကျပ် သိန်း ၃,၂၀၀,၀၀၀ ကျော်ထိမြင့်တက်လာသဖြင့် ရွှေကို အကန့်အသတ်ဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်းသိရသည်။

ထို့ပြင် ၁၅ ပဲရည် ရွှေဈေး ကျပ် ၂၉ သိန်းရှိကာ ရွှေထည်များကိုသာ ရောင်းချနေရောင်း ရွှေဆိုင်များထံက စုံစမ်း သိရသည်။

#ပြည်တွင်စက်သုံးဆီဈေးနှုန်း

ပြင်ပသွင်းကုန်ဖြစ်သော စက်သုံးဆီသည် ဒေါ်လာဈေးနှင့် တိုက်ရိုက်ချိတ်နေသော်လည်း အမေရိကန်၏ ပိတ်ဆို့မှုကြောင့် ဒေါ်လာဈေးတက်နေချိန်တွင် ပြည်တွင်းစက်သုံး စက်ဆုံးဆီ ဈေးနှုန်းတည်ငြိမ်နေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ဇွန် ၁၆ ရက်နေ့တွင် ၉၂ တစ်လီတာလျှင် ကျပ် ၁၉၇၀ရှိရာမှ ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့တွင် ၁,၉၄၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂,၀၈၅ ကျပ်ရှိရာမှ ၂,၀၃၅ ကျပ်သို့လည်းကောင်း၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ၁၉၉၀ ကျပ်မှ ကျပ် ၂၀၀၅ သို့လည်းကောင်း၊ ဒီဇယ်တစ်လီတာလျှင် ၁,၉၁၀ ကျပ်မှ ၁,၉၂၅ ကျပ်ဖြင့် ‌ဈေးအတက် အကျအနည်းငယ်ရှိကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီး ကြပ်ရေး ကော်မတီထံက သိရသည်။

#အခြေခံစားသောက်ကုန်ဈေးနှုန်း

စီးပွားရေးမြို့တော်ရန်ကုန်မြို့အတွင်းအခြေခံစားသောက်ကုန်ဈေးနှုန်းများနေ့စဉ်မြင့်တက်လျက်ရှိရာ ယခုရက်ပိုင်းအတွင်းဆန်ဈေးနှုန်းတည်ငြိမ်နေပြီး စားသုံးဆီအပါအဝင် အသားငါးနှင့် ဟင်းသီးဟင်းရွက် ဈေးနှုန်းများမြင့်တက်နေသည်။

ပြည်တွင်းတွင် စားသုံးမှုမြင့်မားသော ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်လျှင် ကျပ် ၉၅,၀၀၀ မှ ကျပ် ၁၁၀,၀၀၀ ၊ ပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၈၇,၀၀၀ မှ ၈၈,၀၀၀၊ ကြားပျံရှယ် တစ်အိမ်လျှင် ကျပ် ၉၂၀၀၀ မှ ကျပ် ၉၆,၀၀၀ ၊ ပေါ်ကျွဲတစ်အိတ်လျှင် ကျပ် ၈၀,၀၀၀ မှ ကျပ် ၈၂,၀၀၀ နှင့် ငစိန် တစ်အိတ်လျှင် ကျပ် ၅၆,၀၀၀ မှ ကျပ် ၅၈,၀၀၀ တွင် ဈေးငြိမ်နေကြောင်းသိရသည်။

ယခုတစ်ပတ်အတွင်း စားသုံးဆီဈေးနှုန်းသိသိသာသာမြင့်လာပြီး စစ်ကောင်စီ သတ်မှတ် ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ကျပ် ၄,၀၁၀ ဖြစ်ချိန်တွင် ပြင်ပပေါက်ဈေးတွင် ကျပ် ၈,၀၀၀ အထိဈေး မြင့်တက်ကြောင်းဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ဇွန်လ ၁၆ ရက်နေ့တွင် စားအုန်းဆီလက်လီတစ်ပိဿာလျှင် ၆,၅၀၀ ကျပ်ရှိရာမှ ဇွန်၃၀ ရက်နေ့တွင် ကျပ် ၈,၀၀၀ ရှိကြောင်းသိရသည်။

” ဆီ က ခြောက်ထောင်(၆၀၀၀)ကနေ ရှစ်ထောင်(၈၀၀၀) ထိတက်တယ်။ အကုန်တက်တာ။ ဆန်တော့မတက်သေးဘူး။ ထမင်းစားတစ်ခါပြင် အရင်က ၁၈၀၀ ကနေ အခု ၂၀၀၀ ရောင်းတယ်။ အဲဒါလည်း မကိုက်ဘူး။ ဈေးသည်တွေ စိတ်ညစ်နေကြတယ်။ စျေးတောင်မသွားရဲလောက်အောင်ပဲ။ ကုန်စျေးနှုန်းက အကုန်တက်။ မနက်သွား တုန်းကတစ်စျေး ညနေသွားတော့တစ်စျေးပဲ။ အရင်က ဂျင်းတစ်ဆယ်သား ၃၀၀ကနေ အခု၁၂၀၀ဖြစ်နေပြီ” သင်္ဃန်းကျွန်းမြို့နယ်တွင် ထမင်းဆိုင်ဖွင့်ထားသူတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က တစ်ပိဿာလျှင် ၃,၂၀၀ ကျပ်ရှိသော ကြက်သွန်နီ ဈေးသည် ယနေ့တွင် ကျပ် ၂,၅၀၀ ဖြစ်ကာဈေးကျလာခြင်း ၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၈,၀၀၀ ကျပ်မှ ၇၅,၀၀၀ ကျပ်၊ အာလူး တစ်ပိဿာလျှင် ၃,၅၀၀ ကျပ်၊ ဂျင်းတစ်ပိဿာလျှင် ကျပ် ၁၀,၀၀၀ မှ ၁၂,၀၀၀ အထိဈေးမြင့်တက်နေကြောင်း ညောင်ပင်လေးဈေးအတွင်းမှ စုံစမ်းသိရသည်။

ယင်းအပြင်အသားငါးဈေးကွက်တွင် CP ကြက်သား တစ်ပိဿာလျှင် ကျပ် ၁၅,၀၀၀ မှ ၁၆,၀၀၀ ကြား၊ ဝက်သားတစ်ပိဿာလျှင် ကျပ် ၁၈,၀၀၀ မှ ၂၀,၀၀၀ ကြားရှိကာ ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ် ၂၀,၀၀၀ မှ ၂၅,၀၀၀ ကြားရှိပြီး ဟင်းသီးဟင်းရွက် ဈေးနှုန်းများလည်းမြင့်တက်လျက်ရှိကြောင်း ရန်ကုန်မြို့တွင်းရှိဈေးများမှ စုံစမ်း သိရသည်။

#ဒေါ်လာရွှေစက်သုံးဆီဈေးနှုန်း #အခြေခံစားသောက်ကုန်ဈေးနှုန်း #ဧရာ၀တီတိုင်းမ်စျေးကွက်သတင်း #Ayeyarwaddy_Times