ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဇူလိုင်လ ၃ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ မောရဝတီရေတပ် ဌာနချုပ်မှ တပ်စုတစ်စု စာရှိသည့် စစ်ကောင်စီတပ်သား ၂၇ ဦး လက်နက်နှင့် အတူထွက်ပြေး သွားကြောင်း ရေတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံက သိရသည်။
ဇွန်လ ၃ ရက် နံနက် ၁ နာရီခန့်အချိန်က မောရဝတီရေတပ်ဌာနချုပ်မှ အရာရှိ၊ တပ်ကြပ်၊ ဒုတပ်ကြပ် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ ဦးတို့သည် စစ်ကားသုံးစီးဖြင့် တပ်ကို စွန့်ခွာထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ထွက်ပြေးတာက အားလုံး ၂၇ ယောက်ပါ။ တပ်စုတစ်စုစာပေါ့။ကား သုံးစီးနဲ့ထွက်ပြေးသွားကြတယ်။သူတို့က ကံပေါက်မှာ ညကင်းပတ်ရင်း ကားနဲ့ထွက်ပြေးသွားကြတယ်။လက်နက်အပြည့်စုံပါတယ်။ မနက်အထိ တပ်ထဲကို ကား သုံးစီးစလုံးပြန်မရောက်လာတော့မှ ထွက်ပြေး သွားမှန်းသိရတယ်။ ကားတွေကို တော့ ကလိန်အောင် -ကံပေါက်လမ်းပိုင်းမှာထားခဲ့တယ်။အခုဆိုရင် တစ်ပတ်အတွင်း မှာ တပ်ကိုစွန့်ခွာထွက်ပြေးသူ ၃၉ ဦးအထိ ရှိလာနေပြီဖြစ်တယ်” ဟု စစ်ကောင်စီ၏ ရေတပ်သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားပြီးနောက် အုန်းပင်ကွင်းမောရဝတီ ရေတပ် ဌာနချုပ်မှ စစ်ကောင်စီတပ်သားများက ကံပေါက် – ကလိန်အောင် လမ်းပိုင်း ကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထား ပြီး အင်အားအများ အပြားဖြင့် ရောက်လာပြီးလုံခြုံရေးများ ချကာ တောနင်း စစ် ကြောင်းထိုး ခြင်းများ ပြုလုပ်နေကြပြီး လမ်းဆုံလမ်းခွများတွင်လည်း စစ်ဆေးခြင်းများ ပြုလုပ်လျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထွက်ပြေးသွားသည့် မောရဝတီရေတပ်ဌာနချုပ်မှ တပ်သား ၂၇ ဦး ပြန်လည်ဖမ်းဆီးရမိ ရေးအတွက် ကလိန်အောင်လမ်းပိုင်းရှိ သဲအေးတောင် များသို့ စစ်ကြောင်း ထိုးခြင်း၊ တောနင်းခြင်းများပြုလုပ်၍ အပူတပြင်းလိုက်လံရှာဖွေနေပြီး ယခုအချိန်အထိ ပြန်လည် ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း တပ်တွင်းသတင်းရင်း မြစ်များထံကသိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့က စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူးအရာရှိ၊တပ်ကြပ်၊ဒုတပ်ကြပ် အပါအဝင် စစ်ကောင်စီတပ် သား ၁၂ ဦးသည် လက်နက်များနှင့် စွန့်ခွာထွက်ပြေးသွားခဲ့ရာ လွတ်မြောက်နယ်မြေ တစ်ခုသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း တာဝန်ရှိသူများထံမှသိရသည်။
ပုံစာ- ၂၀၂၁ ခုနှစ်က ကံပေါက် တွင် စစ်ကောင်စီတပ်များစစ်ဆေးနေသည့် ပုံ (ပုံဟောင်း)
#မောရ၀တီရေတပ် #အရာရှိအပါအဝင် #စစ်ကောင်စီတပ်သား #၂၇ဦး #လက်နက်အပြည့်စုံထွက်ပြေး #တစ်ပတ်အတွင်း #ထွက်ပြေးသူ၃၉ဦးအထိရှိ #Ayeyarwaddy_Times