ဧရာဝတီတိုင်းမ်
ကျုံပျော်၊ ဇူလိုင် ၃ ရက်
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်တွင် စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ရေးလုပ်ဆောင်သူများနှင့်CDM ဝန်ထမ်းများ ရပ်ရွာအတွင်းသို့ ပြန်လည်နေထိုင်မှုရှိမရှိ သိရှိရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို မြို့နယ် စစ်ကောင်စီမှ အတင်းအကျပ် ခံဝန်လက်မှတ်ထိုးခိုင်းနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များထံက သိရသည်။
ကျုံပျော်မြို့နယ်ရှိ ရပ်ကွက် နှင့်ကျေးရွာများအလိုက် စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင် တက်ကြွ လှုပ်ရှားသူများနှင့်CDM ဝန်ထမ်းများ နေအိမ်သို့ပြန်လည်နေထိုင်ခြင်းရှိမရှိအတွက် သိရှိရန်ဟုဆိုကာ ပြီးခဲ့သည့် ဇွန်လ ၂၇ရက်မှစပြီး နေ့ရောညပါစောင့်ကြည့်နေရကြောင်း အုပ်ချုပ်ရေး အသိုင်းအဝိုင်းများထံက သတင်းရရှိသည်။
” ဆန္ဒပြခဲ့တုန်းကရှောင်တဲ့သူတွေနဲ့ CDM လုပ်ထားတဲ့သူတွေ အိမ်ပြန်လာမလာသိရအောင် ဆိုပြီးကင်းစောင့်ခိုင်းနေတာ။ မြို့ပေါ်ကရပ်ကွက်တွေရော ရွာတွေထဲမှာပါ လုပ်ခိုင်းတာ။ ဘယ်သူကမှ တနေကုန်သွားမကြည့်နိုင်ဘူးလေ။သတင်းပေးတွေကတော့မသိသလိုစောင့်ကြည့်နေကြတာပါ” ဟု အုပ်ချုပ်ရေးမှူး တစ်ဦးကပြောသည်။
ထို့အပြင် ရပ်ကျေး အုပ်ချုပ်မှူးများအနေဖြင့် စောင့်ကြည့်လုပ်ဆောင်မှုများအတွက် မြို့နယ်ထွေအုပ်ရုံးသို့ နေ့စဥ်သွားရောက်ကာ ခံဝန်လက်မှတ်ထိုးလုပ်ဆောင်နေရကြောင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး အသိုင်းအဝန်းများ ထံကသိရသည်။
” CDM တွေ နဲ့ ဆန္ဒပြတဲ့သူတွေအိမ်ပြန်မလာပါဘူးဆိုပြီးမြို့နယ်ထွေအုပ်ရုံးမှာ နေ့တိုင်းခံဝန်လက်မှတ်ထိုးပေးနေရတယ်။ နေ့တိုင်း ကိုရုံးသွားနေရတော့ ဘယ်တော့လာအပစ်ခံရမလဲမသိတော့ဘူး။ ရွာမှာရှောင်တဲ့သူတွေကပြန်မလာကြတော့တာကြာလှပြီ။ အုပ်ချုပ်ရေးပိုင်းလည်းမလုပ်ချင်တော့ဘူး။ မလုပ်ရင်လည်း ဖရဲသီးဆိုပြီးလာဖမ်းခံရမှာစိုးတော့ အဆင်ပြေသလိုပဲနေနေရတာပါပဲ” ဟု ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ကျုံပျော်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးအားလုံးနီးပါးကို ပြီးခဲ့သည့်ဇွန်လ ၂၉ ရက်နေ့၌ ပုသိမ်မြို့ရှိ တိုင်းထွေအုပ်ရုံးထံသို့သွားရောက်ကာ စစ်ကောင်စီထံ သစ္စာခံရန်အတွက် ကျမ်းကျိန် လုပ်ဆောင်ခိုင်းကြောင်းလည်း အုပ်ချုပ်ရေးအသိုင်းအဝန်းထံကသိရသည်။
စစ်ကောင်စီမှ အာဏာသိမ်းယူခဲ့သည့် နှစ်နှစ်ကျော်အတွင်း ကျုံပျော်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ နှင့် CDM ဝန်ထမ်း အရေအတွက် ၃၀၀ ဦးထက်မနည်း တိမ်းရှောင်ခဲ့ရကာ စစ်တပ်နှင့်ရဲအဖွဲ့ ၏ဖမ်းဆီးမှုကြောင့် ၃၀ ဦးထက်မနည်းထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရသည်။
#ကျုံပျော်မြို့ #စစ်အာဏာသိမ်းမှု #ဆန့်ကျင်ရေး #CDMဝန်ထမ်းများ #ရပ်ရွာ #နေထိုင်ခြင်းရှိမရှိ #ရပ်ကျေးအုပ်ချုပ်ရေးမှူးများ #စစ်ကောင်စီလက်မှတ်ထိုးခိုင်း
#Ayeyarwaddy_Times