ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၄ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၈ ရပ်ကွက် မဟာဗောဓိလမ်းတွင်နေထိုင်သည့် အသက် ၄၈ နှစ်အရွယ် ကိုနေမျိုးထက်ကို ယာဥ်တိုက်မှုနဲ့ပတ်သတ်ပြီး စစ်ဆေးဖို့ဆိုပြီး စစ်ကောင်စီတပ်ကလာရောက်ရိုက်နှက် ခေါ်ဆောင်သွားရာက အနှိပ်စက်ခံရပြီးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်သားများ ရိုက်နှက်တာခံရပြီး သေဆုံးခဲ့တဲ့ ကိုနေမျိုးထက်ရဲ့အလောင်းကို မိသားစုထံကိုပြန်မပေးကြောင်း မိသားစုနှင့် နီးစပ်သူများမှပြောသည်။
” အလောင်းကို ရင်ခွဲရုံမှာပဲထားပြီး သဂြိုလ်ရမယ် ပြောတယ်၊ သေဆုံးတဲ့နေ့ကတော့ ခေါ်ပြတယ် နှာခေါင်းနဲ့ ပါးစပ်က သွေးတွေအများကြီးထွက်နေတာတွေ့ရတယ်။ နာရေးကတော့အိမ်မှာလုပ်တဲ့ သေတဲ့ကိစ္စနဲ့ပတ်သတ်ပြီးစစ်ဆေးစရာတွေရှိတယ်ဆိုပြီး ပြန်မပေးတာ”ဟု မိသားစုနဲနီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်သို့ ပြောသည်။
ဇူလှိုင်လ ၂ ရက်နေ့က “သူ့ဆိုင်ကယ်နဲ့ လမ်းမှာစက်ဘီးတစ်စီးနဲ့ချိတ်လာတယ် စက်ဘီးသမားက အုပ်ချုပ်ရေးမှူးရုံးကိုသွားတိုင်တာဖြစ်ခြင်တော့ ရုံးမှာ စစ်တပ်ကကောင်တွေရောက်လာတာသူတို့ အဲ့ကိစ္စကို ရှင်းပေးမယ်ဆိုပြီး ကိုနေမျိုးထက်ကိုအိမ်ကိုလာခေါ်ထဲက ဝါးတုတ်နဲ့ရိုက်ခေါ်သွားတာ အကြောင်းမဲ့သက်သက် ဘာဟုတ်တဲ့အမှုလေးနဲ့ လူတစ်ယောက်ကိုသတ်ပစ်လိုက်ကြတာ”ဟု သေဆုံးသွားသူမိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ကိုနေမျိုးထက်ကို တဂေါင်းဘုရား၀န်းထဲ တပ်စွဲထားသည့် စစ်ကောင်စီတပ်တွင်းသို့ ခေါ်ဆောင်သွားကာ ဘုရားရင်ပြင်တော်ပေါ်မှာပဲ ဒူးထောက်ခိုင်းပြီး ဝါးရင်းတုတ်၊ သေနတ်ဒင်၊ စစ်ဖိနပ်များဖြင့် ဝိုင်း၀န်းရိုက်နှက်ပြီး သတိမရသည့်အချိန်တွင်လူနာတင်ကားတစ်စီးခေါ်ကာ ဆေးရုံကိုပို့ဆောင်ပေးလိုက်ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။
ပုသိမ်မြို့ရှိ တဂေါင်းဘုရားမှာတပ်စွဲထားသည့် စစ်ကောင်စီတပ်မှ တာ၀န်ခံဗိုလ်ဖြစ်သူဟာ ယခုလို အပြစ်မဲ့ပြည်သူတွေအပေါ် ဖမ်းဆီးနှိပ်စက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် အမှတ် ၆ ရပ်ကွက် ရတနာလမ်း (ကွင်းကလေးချောင်)ကအမျိုးသားတစ်ဦးကိုမူးရစ်ရမ်းကားတယ်ဆိုကာသေနတ်နဲ့ပစ်ကာသတ်ဖြတ်ခဲ့ကြောင်းဒေသခံများထံကသိရှိရသည်။
#ပုသိမ်မြို့ #စစ်ကောင်စီတပ် #ဒေသခံတစ်ဦး #ဖမ်းဆီးသတ်ဖြတ်ခံရ #အလောင်းပြန်မပေး #Ayeyarwaddy_Times