နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန်လ ၂၀ ရက်
အာဏာသိမ်းစစ်ကောင်စီနှင့် ရုရှားနိုင်ငံတို့ အကျိုးတူလုပ်ဆောင်သည့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အမှတ်(၂) ပင်းပက်သံမဏိစက်ရုံသည် ယူရေနီယမ် ကိစ္စအပါအဝင် လက်နက်တပ်ဆင် ထုတ်လုပ်ရေးနှင့် ဆက်နွယ်နေသောကြောင့် အမြန်ပြီးစီးအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ-PNFC ၏ ပြောကြားချက်အရ သိရသည်။
ရုရှားနိုင်ငံသို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ပြီးနောက် NLD အစိုးရလက်ထက်က ရပ်ဆိုင်းထားသည့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ပင်းပက်ဒေသ၊ ပင်ငိုကျေးရွာအနီးရှိ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂) ပင်းပက်သံမဏိစက်ရုံ စီမံကိန်းကို ရုရှားနှင့်အတူ ပူးပေါင်း၍ ပြန်လည် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
“ဒီစက်ရုံနဲ့ ပတ်သက်ပြီး သံမဏိထွက်တယ် ဆိုတာမျိုးတော့ မတွေ့ဖြစ်သေးဘူး။ ဒီစက်ရုံကလုံခြုံရေး တော်တော်တင်းကျပ်တဲ့ စက်ရုံတစ်ခုတော့ ဖြစ်ခဲ့တယ်။ မင်းအောင်လှိုင် (ဗိုလ်ချုပ်မှူးကြီး) အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဒီစက်ရုံကို လာပြီး ကြည့်တယ်။ ပြီးတော့ ဒီစက်ရုံကို ပြန်ပြီးလည်ပတ်ဖို့။ ဒီစက်ရုံမှာ လောလော ဆယ်ဆယ်က ရုရှားနိုင်ငံက လူတွေနဲ့ လည်ပတ်နေတာပေါ့။ အစည်းအဝေးတွေလည်း သူတို့ ခဏခဏလုပ်တယ်” ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC အထွေထွေ အတွင်းရေးမှူး(၁) ခွန်ဝါးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါသံမဏိစက်ရုံ စီမံကိန်းကို ပြန်လည်စတင် ဆောင်ရွက်နိုင်ရေး ကြီးကြပ်ရန် ကော်မတီညှိနှိုင်း အစည်းအဝေးကို ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး စစ်ကောင်စီခန့် စက်မှုဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားကြောင်း သိရသည်။
“ဒီစက်ရုံမှာက တောင်သူတွေ၊ ဒေသခံတွေကို ပြီးခဲ့တဲ့ သုံးလလောက်က ဖြစ်မယ် ထင်တယ်။ ဒီစက်ရုံကို ဆက်လုပ်ဖို့ အဓိကကတော့ ဒေသခံတွေဆီလာပြီး လာချပြတဲ့ သဘောပါပဲ။ ဒေသခံတွေဘက်က မေးခွန်းတွေ ပြန်မေးတယ်။ ဒါပေမယ့် မေးခွန်းတွေကို ဖြေသွားတာမျိုး မရှိခဲ့ပါဘူး” ဟု PNFC အထွေထွေအတွင်းရေးမှူး(၁) ခွန်ဝါးက ပြောသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် စစ်တပ် အာဏာသိမ်းပြီးနောက် ပင်းပက်သံမဏိစက်ရုံကို ၂၀၂၁ ခုနှစ်၊ အောက်တို ဘာလ ၁ ရက်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်ခဲ့ပြီး ပြည်တွင်းသံမဏိ လိုအပ်ချက် အကြောင်းပြချက်ဖြင့် ပြန်လည်လည်ပတ်ရန် အမိန့်ပေးခိုင်းစေမှုကြောင့် ၎င်းလက်အောက်ခံ စက်မှုဝန်ကြီး ဌာနက အောက်တိုဘာလ ၄ ရက်နေ့မှစတင်ပြီး ပြန်လည်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီ ရုရှားခရီးစဉ်မှာတော့ ယူရေနီယံကိစ္စ၊ လက်နက်ကိစ္စတွေ ပြောဆိုခဲ့တယ်။ မင်းအောင်လှိုင် (ဗိုလ်ချုပ်မှူးကြီး) ကိုယ်တိုင်လည်း ပြောခဲ့တဲ့ ရှင်းလင်းပွဲတစ်ခု ရှိခဲ့တယ်ပေါ့။ ရုရှားသတင်းစာမှာ။ အဲဒီတော့ သူတို့ ဒီဟာကို သဲကြီးမဲကြီး လုပ်နေတာသည် ကျွန်တော်တိုရဲ့ သုံးသပ်ချက်အရကတော့ သူ့ရဲ့လုပ်ငန်းတွေ ပြန်ပြီး လည်ပတ်ဖို့ရယ်၊ လက်နက်ကိစ္စရပ်တွေနဲ့ ဆက်နွယ်နေတဲ့ ကိစ္စရပ်မျိုးတွေကို သူတို့ အကောင်အထည်ဖော်ဖို့ရယ်၊ ရုရှားနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်ဖို့ရယ် အဓိကဖြစ်တာပေါ့နော်” ဟု ခွန်ဝါးက ဆက်လက်ပြောသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ရုရှားနိုင်ငံမှ Tyazhpromexport ကုမ္ပဏီနှင့် အီတလီကုမ္ပဏီ Danieli တို့ဖြင့် ပူးပေါင်း၍ ပင်းပက်နှင့် မြင်းခြံစီမံကိန်း နှစ်ခုစလုံးကို ပြန်လည်အသက်သွင်းခဲ့ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်က ထုတ်ပြန်ခဲ့သည့် Shan State Frontline Investment – SSFIM ၏ အစီရင်ခံစာအရ သိရသည်။
စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် စီမံကိန်း၏ ၉၈ ဒသမ ၈၆ ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်သော်လည်း စီမံကိန်းပြန်လည်စတင်နိုင်ရန် မီးရထားလမ်းနှင့် တည်ငြိမ်သော ဓာတ်အားပေးလိုအပ်ချက်ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆက်လက်ဖော်ဆောင် သွားရန်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် မကွေးမြို့ရှိ လက်ရှိသွယ်တန်းထားသော ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ပင်းပက်နှင့် ဆက်သွယ်ကာ အဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ခြင်းများ စတင်ခဲ့ပြီး ၁၈၅ မိုင် မကွေး-ပျော်ဘွယ်-ပျဉ်းမ-ပြည်ညောင် ပိုက်လိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းသည်လည်း ၇၇ ဒသမ ၅ ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း ဖော်ပြခဲ့သည်။
“ဒီစက်ရုံဟာ သူတို့အတွက် တော်တော်အရေးပါပါတယ်။ စစ်ကောင်စီဘက်ကတော့ ယူရေနီယံနဲ့ စွမ်းအင်တွေ သုံးဖို့ပြောတာ။ ဒါပေမယ့် လက်နက်ထုတ်သုံးဖို့ အဓိကဖြစ်လာရင်တော့ သူတို့လက်ရှိ အာဏာသိမ်းတဲ့ ကိစ္စရပ် ပေါ်မှာ သူတို့အာဏာ တည်မြဲဖို့အတွက် အထောက်အပံ့ ဖြစ်စေတာပေါ့။ နောက်တစ်ခုက ဒါသည် ရုရှားရဲ့ စီမံကိန်းတစ်ခုလည်း ဖြစ်တာမို့ သူတို့(စစ်ကောင်စီ)နဲ့ လက်နက်ကိစ္စ ဆက်လုပ်နေမှာပဲ။ ရုရှားကိုယ်တိုင်က လည်း နိုင်ငံတကာမှာ ဖိအားတွေ အမျိုးမျိုးကြုံနေရတဲ့ အတွက် ကြောင့်မို့ သူတို့နှစ်ဖက်စလုံးအတွက်တော့ အရေးကြီးတဲ့ဟာ တစ်ခုလို့တော့ မြင်တယ်” ဟု PNFC အထွေထွေအတွင်း ရေးမှူး(၁) ခွန်ဝါးက ဆိုသည်။
စစ်ကောင်စီသည် ပင်းပက်မှ ထွက်ရှိသော သံစိမ်းကို မြင်းခြံသံမဏိစက်ရုံသို့ တိုက်ရိုက် ပေးပို့နိုင်ရန် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် လက်ရှိညောင်ရွှေ-နမ့်ဆန် မီးရထားလမ်းမှ ခြောက်မိုင် ရှည်လျားသည့် ရထားလမ်းသစ်ကို စတင် ဖောက်လုပ်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် ကျိုင်းတောင်းရေအားလျှပ်စစ်စက်ရုံနှင့် အထက်ကျိုင်းတောင်း ရေကာတာ စီမံကိန်းများ ပြီးစီးပါက အဆိုပါနေရာများမှ လျှပ်စစ်ဓာတ်အားကို ပင်းပက်သံမဏိ စက်ရုံအတွက် ရယူသုံးစွဲမည်ဖြစ်ကြောင်း သိရသည်။
“စစ်ကောင်စီလည်း အခြေအနေ မဟန်တော့တဲ့ အနေအထားကို တွေ့နေရတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ဒါတွေကို ဖိအားမျိုးစုံနဲ့ ဆက်ပေးဖိုတော့ လိုတယ်။ ဒီပင်းပက်စီမံကိန်းအပါအဝင် အခြားသော စစ်ကောင်စီရဲ့ စီးပွါးရေး ဒေါက်တိုင်ပဲပြောပြော၊ ကျည်ဆံဖိုးပဲပြောပြော ထောက်ပံ့ပေးနေတဲ့ စီမံကိန်းတွေကို တော့ တတ်နိုင်သလောက် တိုင်းရင်းသားတွေကရော၊ နိုင်ငံတကာကရော ဖိအားပေးဖို့ လိုအပ်နေတဲ့အချိန်လို့ အကြံဉာဏ်ပေးလိုတယ်” ဟု ခွန်ဝါးက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သော ပင်းပက်သံမဏိစက်ရုံ စီမံကိန်း ပြန်လည်စတင် ဆောင်ရွက်နိုင်ရေး ကြီးကြပ်ရန် ကော်မတီညှိနှိုင်း အစည်းအဝေးတွင် စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ပြည်ပကျွမ်းကျင်ပညာရှင်များလာရောက်၍ ကျန်ရှိနေသည့် စီမံကိန်း လုပ်ငန်းများ ကို ဆက်လက်ဆောင်ရွက်မည် ဖြစ်သဖြင့် လုပ်ငန်းများ ပြီးမြောက်စေရေး ဦးတည်ပြီး ပြောဆိုဆက်ဆံရ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပုံစာ – ပင်းပက်သံမဏိစက်ရုံသို့ မတ်လ ၈ ရက်က ထပ်မံသွားရောက်ခဲ့သည့် စစ်ခေါင်းဆောင် (ဓာတ်ပုံ – စစ်ကောင်စီ)
#စစ်ကောင်စီ #ရုရှား #ပင်းပက်သံမဏိစက်ရုံ #လက်နက်တပ်ဆင်ထုတ်လုပ်ရေး #ဆက်နွယ် #Ayeyarwaddy_Times