နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇွန်လ ၁၉ရက်
ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ် အကျဉ်းထောင်တွင် စစ်တပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ. ၁ ရက်နေ့ နောက်ပိုင်းမှစတင်၍ စစ်အာဏာရှင် အလိုမရှိကြောင်း လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ခဲ့သဖြင့် စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်၍ တရားစွဲ ဆိုကာ ဖမ်းဆီး ထောင်ချထားသူ ၁၀၀ ကျော်အထိရှိနေကြောင်း အကျည်း ဦးစီး ဌာနနှင့် နီးစပ်သည့်အသိုင်းဝိုင်းထံကသိရသည်။
စစ်ကောင်စီသည် မအူပင်အကျဉ်းထောင်တွင် ယနေ့ ဇွန်လ ၁၉ ရက်နေ့အထိ နိုင်ငံရေး အကျဉ်းသား ၁၀၀ ကျော်ကို ဖမ်းဆီးထောင်ချထားပြီး မအူပင်မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူ များကိုအကြောင်း အမျိုးမျိုးပြကာ ဖမ်းဆီးငွေကြေးတောင်းယူမှုများ ဆက်တိုက် ပြုလုပ်နေ၍ ဘေးလွတ်ရာသို့ထွက်ပြေး တိမ်းရှောင်နေရသူ တစ်သောင်း (၁၀,၀၀၀) သောင်းကျော်အထိရှိကြောင်း သိရသည်။
“မအူပင်မြို့မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်အရာရှိတွေနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူး ပေါင်းကာ ဖမ်းနေတာ။ အဖမ်းခံရသူတွေကို ငွေ ၅သိန်းကနေ သိန်း ၅၀ အထိ တောင်းပြီး ပြန်လွှတ်ပေးတယ်။ ပိုက်ဆံ မပေးနိုင်တဲ့သူတွေကို နိုင်ငံရေးပုဒ်မအမျိုးမျိုးတပ်၊ တရားရုံးတင်ပြီး ထောင်ဒဏ်ချမှတ်တာ” ဟု စစ်ကောင်စီအသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီ၏ ဖမ်းဆီးမှုကြောင့် မအူပင်မြိုနယ်အတွင်းမှနေ၍ လွတ်မြောက်နယ်မြေ အသီးသီးကို ထွက်ပြေးတိမ်းရှောင် နေကြရသူ ၅,၀၀၀ ခန့်ရှိနေပြီး စစ်ကောင်စီမှ ငွေကြေးတောင်းယူကာ ပြန်လည်လွှတ်ပေးခဲ့သူ ၄,၀၀၀ ကျော်အထိရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မအူပင်မြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက် စစ်အာရှင်အလိုမရှိကြောင်း လမ်းပေါ်ထွက်၍ ဆန္ဒ ဖော်ထုတ်ခဲ့သူ တစ်သိန်းငါးသောင်း (၁၅၀,၀၀၀) ကျော်အထိရှိခဲ့ပြီး တိမ်းရှောင်နေရသူများရှိသလို မြို့ပေါ်တွင်ပြန်လည် နေထိုင်ခွင့်ရသူများလည်း ရှိကြောင်း သိရသည်။
ထို့ပြင် မအူမြို့တွင် စစ်ကောင်စီတပ် အကြီးတန်းအရာရှိများနှင့် ပူးပေါင်း၍ ကိုယ်ကျိုးစီး ပွားရှာသူအများအပြားလည်း ရှိကြောင်း ဒေသခံများ ထံက သိရသည်။
#ဧရာ၀တီတိုင်း #မအူပင်အကျည်းထောင် #နိုင်ငံရေးအကျဉ်းသား #၁၀၀ကျော်ရှိ #Ayeyarwaddy_Times