ဧရာဝတီတိုင်းမ်
ဇွန်လ ၁၉ ရက်
ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့ရှိ ကုန်းတန်းကျေးရွာတွင် ဇွန်လ ၁၇ ရက်နေ့ ညနေပိုင်းတွင် ဒေသခံအမျိုးသား နှစ်ဦးကို စစ်ကောင်စီ ရေတပ်မှလာရောက်ဖမ်းဆီးသွားခဲ့
ကြောင်း သတင်းရရှိသည်။
ညနေ ၄ နာရီခွဲကျော်အချိန်၌ ဟိုင်းကြီးကျွန်းရေတပ်နှင့် ရဲ အင်အား ၁၀ ဦးခန့်ဖြင့် ကုန်းတန်းကျေးရွာအတွင်းသို့ဝင်ရောက်လာခဲ့ပြီး တောင်ယာလုပ်ကိုင်နေသည့်အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၅၀ နှစ်ဝန်းကျင် အမျိုးသားတစ်ဦး တို့ကို အတင်းအကျပ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိရသည့် ကုန်းသာကျေးရွာဒေသခံတစ်ဦးကပြောသည်။
” ဘာအကြောင်းလဲတော့မသိဘူး။ ရေတပ်တွေနဲ့ ရဲတွေလာပြီးတော့ရွာထဲကနှစ်ယောက်ကိုဖမ်းသွားတယ်” ဟု ၄င်းကပြောသည်။
စစ်ကောင်စီရေတပ်နှင့် ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းခံရသည့်ဒေသခံအမျိုးသားနှစ်ဦးမှာ လက်ရှိအချိန်အထိ အဆက်အသွယ်မရရှိသည့်အပြင် မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကိုမသိရှိရကြောင်းမိသားစုဝင်များ၏ပြောဆိုချက်အရသိရသည်။
” အခုဘယ်မှာထိန်းသိမ်းထားလဲဆိုတာမသိရဘူးဖြစ်နေတယ်။ အဆက်အသွယ်လည်းပြတ်နေတော့စိုးရိမ်နေရတယ်” ဟု ဖမ်းဆီးထိန်းသိမ်းခံထားသူ၏မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
စစ်ကောင်စီရေတပ်၏ ဖမ်းဆီးထိန်းသိမ်းခံထားရသည့်ဒေသခံနှစ်ဦးအား စစ်ကောင်စီရေတပ်မှမည်သည့်အကြောင်းကြောင့်ဖမ်းဆီးထားသည့်ကိုအသေးစိတ်သိရှိနိုင်ရန် ဧရာဝတီတိုင်းမ် မှစုံစမ်းနေဆဲဖြစ်သည်။
ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ မောင်ပါ၊ ငါးပြေမ၊ မြို့သစ်၊ မရမ်းကွင်း၊ ကျုံးတန်း၊ မော်တင်နှင့် ဇီးချိုင် စသည့်ကျေးရွာများတွင် စစ်ကာင်စီတပ်မှမကြာခဏ ဧည့်စာရင်း စစ်ဆေးမှုများရှိနေပြီး ဒေသခံများအပေါ်ဖမ်းဆီးကာငွေကြေးညစ်တောင်းရမ်းမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလ၊မေလနှင့်စက်တင်ဘာလတို့၌ ဟိုင်းကြီးကျွန်းမြို့နယ်ရှိ ဇီးချိုင်၊ငါးပြေမနှင့် ကျုံးတန်းကျေးရွာတို့မှ ရခိုင်လူမျိုး ၅၃ ဦးထက်မနည်းကို ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်တပ်နှင့်ရေတပ်မှ ပုဒ်မ – ၁၇(၁)ဖြင့်အရေးယူထားကြောင်း သိရသည်။
#ဟိုင်းကြီးကျွန်း #ဒေသခံနှစ်ဦး #ရေတပ်မှဖမ်းဆီး #လက်ရှိအချိန်အထိ #မိသားစုဖြင့်အဆက်အသွယ်မရသေး