မင်းခ/ဧရာဝတီတ်ိုင်းမ်
ပုသိမ်၊ ဇူလိုင်လ ၁၅ ရက်

ဧရာဝတီတ်ိုင်း၊ ပုသိမ်မြို့မှာ တော်လှန်ရေးအင်အားစုများရဲ့ လှုပ်ရှားမှုများအား စစ်ကောင်စီက မြို့အတွင်းတပ်ဆင်ထားသော CCTV များမှတဆင့် စောင့်ကြည့်နေတယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးထံမှ သိရပါတယ်။

အဆိုပါ လုံခြုံရေးကင်မရာ(CCTV)များမှာ NLD ပါတီ၏ အရပ်သားအစိုးရလက်ထက်က မြို့တွင်းရာဇဝတ်မှုများပေါ်ပေါက်လာပါက ဖော်ထုတ်ရှာဖွေရန်အတွက် ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းတစ်လျှောက်ရှိ မီးပွိုင့်များနဲ့ လူစည်ကားရာနေရာအချို့တွင် တပ်ဆင်ထားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူအချို့က ဆိုပါတယ်။

” မြို့ထဲမှာ CCTV တွေ တပ်ထားတာကြာပြီ။ အာဏာမသိမ်းခင်ကတည်းက ရာဇဝတ်မှုတွေ ဖော်ထုတ်ဖို့ တပ်ထားတာ။ မဟာဗန္ဓုလလမ်းတစ်လျှောက်က မီးပွိုင့်တွေနဲ့ မြို့ထဲက မီးပွိုင့်တွေအကုန်လုံးမှာ CCTV တွေတပ်ထားပါတယ်။ အဲဒါတွေကို ကိုးသိန်းတိုင်းရဲရုံးကနေ စောင့်ကြည့်နေပါတယ် ” လို့ ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်က်ု ပြောပါတယ်။
ပုသိမ်မြို့ပေါ်တွင် CCTV အလုံးရေ ၂၀ ထက်မနည်း တပ်ဆင်ထားပြီး အဆိုပါ စောင့်ကြည့်ကင်မရာများအား ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရဲတပ်ဖွဲ့ရုံးမှ စစ်ကောင်စီလက်အောက်ရဲတပ်ဖွဲ့က ​မျက်ခြေမပြတ်​ စောင့်ကြည့်နေတယ်လို့ ၎င်းက ဆိုပါတယ်။

” ဆန္ဒပြပွဲတွေလုပ်ကတည်းက CCTV မှတ်တမ်းနဲ့ လိုက်လို့ အဖမ်းခံရတဲ့သူတွေရှိတယ်။ မြို့ထဲမှာ တစ်ခုခုဖြစ်​​တာနဲ့ CCTV ထဲမှာ မသင်္ကာတွေ့ရင် ဖမ်းတာပဲ။ အဲ့လိုနဲ့ အဖမ်းခံရတဲ့ သူတွေလည်းရှိတယ်” လို့ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှ CDM ရဲတပ်သားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ထို့အပြင် ပုသိမ်မြို့က ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရဲ့နေအိမ်အပါဝင် ရဲအရာရှိကြီးတွေရဲ့နေအိမ်တွေမှာ ပြီးခဲ့တဲ့ ဇွန်လကစတင်ကာ CCTV တပ်ဆင်စောင့်ကြည့်တာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း အာဏာသိမ်းစစ်ကောင်စီက မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာ မျက်နှာဖတ်နိုင်စွမ်းရှိတဲ့ တရုတ်နိုင်ငံထုတ် လုံခြုံရေးကင်မရာ(CCTV)တွေ တပ်ဆင်ဖို့ တင်ဒါခေါ်ယူနေတယ်လို့ ရိုက်တာသတင်းမှာ ရေးသားဖော်ပြထားပါတယ်။

စစ်ကောင်စီအနေနဲ့ လုံခြုံရေးကင်မရာ(CCTV)တွေ အသုံးပြုကာ ပြည်သူတွေအပေါ် စောင့်ကြည့်မှုတွေလုပ်ဆောင်နေတာဟာ ပြည်သူတွေရဲ့လုံခြုံရေးအတွက်မဟုတ်ပဲ စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့တွေရဲ့ လုံခြုံရေးအတွက်ကြောင့်သာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်ထားပါတယ်။