ဧရာ၀တီတိုင်းမ်
ဇွန်လ ၁၅ ရက်

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အနောက်ဘက် မိုင် ၃၀ အကွာ ၀င်ကိုက်မြောင် အနီးတွင် ယနေ့ ဇွန်လ ၁၅ ရက် နံနက်ပိုင်းက စစ်ရဟတ်ယာဉ် တစ်စီးပျက်ကျခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ စစ်ရဟတ်ယာဉ်သည် ယနေ့ နံနက် ၁၀ နာရီ၀န်းကျင်ခန့်က တောင်တွင်းကြီးမြို့အစပ် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ လယ်တာကြီးအုပ်စု၊ ချောင်းမငယ်ကျေးရွာ အနောက်ဘက် တောင်ယာအနီး ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“စစ်ရဟတ်ယာဉ်တစ်စီး ပျံနေတုန်းမှာပျက်ကျတာ။ အသံကြီးအရင်ကြားတာ။ နောက်မှ အောက်ကိုပျက်ကျသွားတာ။ ထိခိုက်မှုကိုတော့ မသိရသေးဘူး။ စစ်ကားကြီး သုံး စီးတော့ အဲဒီဘက်ကိုထွက်သွားတယ်။ အခြားရဟတ်ယာဉ်တွေလည်း အဲဒီနားပတ် ပျံနေပြီး သွားလိုက်ပြန်လိုက်လုပ်နေကြတယ်။ အကောင်ကြီး များပါလို့လား မသိဘူး”ဟု မျက်မြင်တွေ့ရှိသူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ကားများ သွားလာမှုများရှိသော်လည်း ပျက်ကျသည့်နေရာသို့ သွားရောက်၍မရသောကြောင့် ရဟတ်ယာဉ်များ ဝဲပျံလျက်ရှိကြောင်း သိရပြီး ထိခိုက်မှု အခြေအနေနှင့် မည်သူပါရှိသည်ကိုမူ ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် အတည်ပြု၍ မရသေးပေ။

ဓာတ်ပုံ-စစ်ကောင်စီတပ်

ပုံစာ- ချင်းပြည်နယ် ဟားခါးမြို့တွင် ၂၀၂၂ ခုနှစ် မတ်လအတွင်းက ပျက်ကျခဲ့သည့် စစ်ရဟတ်ယာဉ် (ပုံအဟောင်းဖြစ်ပါသည်)

#နေပြည်တော် #လယ်ဝေး #စစ်ရဟတ်ယာဉ် #ပျက်ကျ #Ayeyarwaddy_Times