ကျော်လင်း/ဧရာဝတီတိုင်းမ်
(ကျိုက်လတ် ) ဇူလိုင် ၁၄ ရက်

ဧရာဝတီတိုင်း ကျိုက်လတ်မြို့က ကျောင်းဆရာမ ၂ ဦးအပါဝင် ပြည်သူ ၈ ဦးကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကတည်းက ဖမ်းဆီးခဲ့ပြီးနောက် ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် အကြမ်းဖက် ဥပဒေ ၅၂(ခ) ဖြင့် ဖျာပုံထောင်တွင်းတရားရုံးမှ ထောင် ၅ နှစ်စီ ချမှတ်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည် ။ ကျိုက်လတ်မြို့နယ် တရားသူကြီး ဒေါ်ဖြူဖြူအောင်မှ ကျောင်းဆရာမ ၂ ဦးအပါအဝင် အမျိုးသမီး ၃ ဦး၊ အမျိုးသား ၅ ဦး တို့ကို ထောင် ၅ နှစ်စီ ပြစ်ဒဏ် ကျခံစေရန် ဆုံးဖြတ်အမိန်ချခဲ့ခြင်း ဖြစ်သည်။

“ကျိုက်လတ်တရားသူကြီး ဒေါ်ဖြူဖြူအောင်က ဒီအမိန့်ကို ချတာ များပါတယ်။ ခရိုင်မြို့ဖြစ်တဲ့ ဖျာပုံမြို့နယ် တရားသူကြီးကတောင် အကြမ်းဖက်ဥပဒေ ၅၂(ခ) ကို ၃ နှစ်စီပဲ အမိန့်ချ ထားတာပါဗျ။ ကျောင်းဆရာမ၂ ဦး လည်းပါနေတယ်။ တကယ်အကြမ်းဖက်တဲ့သူတွေလဲမဟုတ်ဘူး။ ကျိုက်လတ် မြို့နယ်အတွင်းမှာ ဖြစ်သမျှ ပေါက်ကွဲမှုတွေအတွက် အစားထိုးတရားခံတွေ ဖြစ်သွားကြတာပါ” ဟု ကျိုက်လတ်မြို့ခံတဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။

ကျောင်းဆရာမများဖြစ်ကြသော ဒေါ်မြင့်မြင့်ရီ၊ ဒေါ်မြင့်မြင့်စီတို့အပြင် မသန်းသန်းဦး၊ ကိုတင်အောင်မိုး၊ ကိုခိုင်စိုး၊ ကိုဗညားအောင်၊ ကိုအောင်သူနှင့် ကိုမျိုးသန့်ဦးတို့ ၈ ဦးကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့ခြင်းသည် အလွန်ပြင်းထန်သော အမိန့်များ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ကျိုက်လတ်မြို့တွင် အဖမ်းဆီးခံရသူများထဲမှ ပြည်သူ ၁၁ ဦးကို ထောင်ဒဏ် အသီးသီး ချမှတ်ထားပြီးဖြစ်ပြီး ၅ဝ၅-က ဖြင့် ပြည်သူ ၃ ဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ယခု ၈ ဦးကို ထောင်ဒဏ် ၅ နှစ်စီ အသီးသီး အပြစ်ပေးခံထားရကြောင်း သိရသည်။