ဧရာဝတီတိုင်းမ်
ဇွန်လ ၁၀ ရက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီက ၎င်းတို့အာဏာသိမ်းထားသည့် နှစ်နှစ်ကျော်ကာလအတွင်း ပြည်တွင်းမီဒီယာတစ်ခုဖြစ်သည့် ဧရာဝတီတိုင်းမ် သတင်းဌာန (A Times သတင်းအေဂျင်စီ)ကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်ကြောင်း ၎င်းတို့ဝါဒဖြန့် သတင်းစာမှတဆင့် ယနေ့ ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ကောင်စီက ဧရာဝတီတိုင်းမ် သတင်းဌာန (A Times သတင်းအေဂျင်စီ)ကို ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်အား လိုက်နာခြင်းမရှိကြောင်း၊ ၎င်းတို့ကို ထိခိုက်စေသည့် အကြောင်းအရာများအား ရေးသားလွှင့်တင် ဖော်ပြခဲ့သည့်အတွက် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်မှစတင်၍ လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ဖော်ပြထားသည်။

ထို့အပြင် ဧရာဝတီတိုင်းမ် သတင်းဌာန (A Times သတင်းအေဂျင်စီ)အား မီဒီယာအမျိုးအစား တစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့် ဖော်ပြခြင်းမပြုလုပ်ရန်လည်း အာဏာသိမ်း စစ်ကောင်စီက ထားမြစ်ပိတ်ပင်ခဲ့သည်။

စစ်ကောင်စီ ပိတ်သိမ်းလိုက်သည့် ဧရာဝတီတိုင်းမ် သတင်းဌာန (A Times သတင်းအေဂျင်စီ)ကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ဧရာဝတီတိုင်းအတွင်းရှိ လူငယ်များအား သတင်းစာပညာ သင်ကြားပေးကာ လူငယ်မျိုးဆက်သစ် သတင်းသမားများကို မွေးထုတ်ခဲ့သော သတင်းဌာနလည်း ဖြစ်သည်။

ယင်းအပြင် စစ်တပ် အာဏာသိမ်းပြီးနောက် အင်တာနက်များ ဖြတ်တောက်ထားချိန်တွင်လည်း ဖုန်းမက်ဆေ့ခ်ျများမှတစ်ဆင့် သတင်းစီးဆင်းမှု မပြတ်တောက်အောင် ဆောင်ရွက်ခဲ့သလို လက်ရှိတွင် ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ နိုင်ငံရေး၊ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်သတင်းများအပြင် မြန်မာတစ်နိုင်ငံလုံးက တိုင်းရင်းသားရေးရာ၊ မျက်မှောက်ရေးရာ အကြောင်းအရာများကိုလည်း ရေးသားဖော်ထုတ်​လျက်ရှိသည့် သတင်းဌာနတစ်ခုလည်း ဖြစ်သည်။

စစ်ကောင်စီသည် အာဏာသိမ်းသည့်နှစ် ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်မှစ၍ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ပြည်တွင်းမီဒီယာများဖြစ်သည့် Mizzima ၊ Myanmar Now ၊ 7 Day ၊ DVB ၊ Khit Thit စသည့် သတင်းဌာနတို့ကိုလည်း လုပ်ငန်းလိုင်စင် ပိတ်သိမ်းခဲ့သလို ပြည်တွင်းပြည်ပ သတင်းသမားများအား ပုဒ်မအမျိုးမျိုးတပ်ကာ အမှုဖွင့်ဖမ်းဆီးလျက်ရှိနေဆဲ ဖြစ်သည်။

ထို့အပြင် စစ်ကောင်စီသည် အာဏာသိမ်းထားသည့် နှစ်နှစ်ကျော်ကာလအတွင်း သတင်းသမား ၁၅၀ ဦးကျော်ကို ဖမ်းဆီးထောင်ချခဲ့သလို သတင်းသမား လေးဦးကိုလည်း သတ်ဖြတ်ခဲ့ပြီး လက်ရှိတွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များ၌ သတင်းသမား ၅၀ ဦးနီးပါး ထောင်ချခံထားရဆဲဖြစ်ကြောင်း သိရသည်။

#ATimesသတင်းအေဂျင်စီ #စစ်ကောင်စီ #လိုင်စင်ပိတ်သိမ်း # Ayeyarwaddy_Times