နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇွန်လ ၁၀ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာအနောက်ဘက်ကမ်းရှိ ကျေးရွာများသို့ ယမန်နေ့ ဇွန်လ ၉ ရက်နေ့ ညပိုင်းမှစတင်ကာ စစ်ကောင်စီတပ်များသည် မြေပြင်မှ စစ်ကြောင်းထိုးဝင် ရောက်နေသည့်အပြင် လေယာဥ်များဖြင့်ပါ ဗုံးကြဲ တိုက်ခိုက်နေ၍ ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံ ၂၀,၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။
ယမန်နေ့ ညနေပိုင်းက မုံရွာမြို့အနောက်ဘက်ရှိ ညောင်ပင်ကြီးရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဆားလင်းကြီးမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့ပြီး စခန်းအတွင်းရှိ လက်နက်ခဲယမ်းများသိမ်းယူနိုင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထံက သိရသည်။
“ကျွန်တော်တို့ တိုက်ခိုက်နေတဲ့အချိန်မှာပဲ မုံရွာမြို့ပေါ်မှာရှိတဲ့ နမခ (အနောက်မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်)ကနေ ညောင်ပင်ကြီးကျေးရွာနားမှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ နောက် လေကြောင်းကနေ Mi- 35 တိုက်လေယာဥ် တွေနဲ့ ပစ်ကူပေးတာတွေလုပ်တယ်။ မြေပြင်ကနေပြီးတော့လည်း စစ်ကောင်စီ တပ်တွေ အင်အားအလုံးရင်းနဲ့ ဝင်ရောက်တိုက်ခိုက်တာတွေလုပ်တယ်။ ရဲဘော် သုံးဦးလက်နက်ကြီးထိမှန်ပြီး ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။ တစ်ဦးကျဆုံးတယ် ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီ၏ လေကြောင်းမှတိုက်ခိုက်မှုကြောင့် ဒေသခံအချို့ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး ညောင်ပင်ကြီး၊ နှင်းတော၊ ထန်းတော၊ အိုမ၊ ရွာရှည်၊ ပလောင် ၊ ကံတော၊ ကူတို့ကုန်း၊ ကျော်ရွာ၊ ရွှေလှေ၊ တုံရွာနှင့် တောကျောင်းကျေးရွာများမှ ဒေသခံပြည်သူ ၂၀,၀၀၀ (နှစ်သောင်း) ကျော်ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်ဟု အသက် ၂၄ နှစ်အရွယ် စစ်ဘေး ရှောင်နေ အမျိုးသမီးတစ်ဦးကဆိုသည်။
စစ်ကောင်စီတပ်သည် အဆိုပါကျေးရွာများကို ဇွန်လ ၉ ရက်နေ့ညနေပိုင်းကတည်းက စတင်၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ မြေပြင်မှ စစ်ကြောင်းထိုးခြင်းများ ပြုလုပ်လျှက်ရှိသည်။
ထို့ပြင် စစ်ကောင်စီတပ်သည် ညောင်ပင်ကြီးကျေးရွာအပြင် အခြားရွာတွေကိုပါ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ယနေ့ ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းကလည်း စစ်ဘေးရှောင်ဒေသခံများ ရှိရာနေရာများသို့ လေယာဥ်နှစ်စီးဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း စစ်ရှောင်များထံက သိရသည်။
ဓာတ်ပုံ-CJ
#စစ်ကိုင်းတိုင်းတိုင်း #ညောင်ပင်ကြီးရဲစခန်း #မုံရွာအနောက်ဘက်ကမ်းကျေးရွာများ #စစ်ကောင်စီတပ် #လေယာဉ်ဖြင့်ဗုံးကြဲ #ဒေသခံ၂၀၀၀၀ကျော် #စစ်ဘေးရှောင် #Ayeyarwaddy_Times