ဧရာဝတီတိုင်းမ်
(ချင်း)၊ ဇွန်လ ၇ ရက်
ချင်းပြည်နယ်၊ ဟားခါး-ထန်တလန်အကြား သီမစ်လွင်ပြင်တွင် ချင်းအမျိုးသား တပ်မတော်၊ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး ယမန်နေ့၊ ဇွန်လ ၆ ရက်နေ့တွင် ချင်းအမျိုးသားတပ်မတော် (CNA)ဘက်က ရဲဘော် ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေး ရဲဘော်များထံက သိရသည်။
ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့မှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက လေကြောင်း အပါအဝင် လက်နက်ကြီးများဖြင့် နေ့စဥ်ပစ်ကူပေးလျက်ရှိကြောင်းသိရသည်။
သီမစ်တိုက်ပွဲသည် နှစ်ပတ်ခန့်ကြာမြင့်နေပြီဖြစ်ပြီး နှစ်ပတ်ကြာတိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၃၀ ကျော်သေဆုံးခဲ့ပြီး ချင်းကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ဘက်က ၁၂ ဦးသေဆုံးကြောင်း ဒေသတွင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
စစ်ကောင်စီသည် ချင်းပြည်နယ်တွင် နယ်မြေစိုးမိုးနိုင်ရေး၊ ချင်းကာကွယ်ရေး တပ်ဖွဲ့များကို ချေမှုန်းရေး၊ ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးနှင့် ချင်းအမျိုး သားတပ်မတော်(CNA)၏ ဗစ်တိုးရီးယားဌာနချုပ်ကို သိမ်းပိုက်နိုင်ရန်အတွက် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် သီမြစ်အပေါ်ဖက်နှင့် အောက်ဖက်တို့မှ စစ်ကြောင်းနှစ်ကြောင်းဖြင့် ထိုးစစ်ဆင်နေခြင်း ဖြစ်ကြောင်းCNA/CNF၏ ပြောရေး ဆိုခွင့် ရှိသူဆလိုင်းထက်နီထံက သိရသည်။
ချင်းအမျိုးသားတပ်မတော်နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သီမစ်အနီး တဝိုက်တွင် နယ်မြေကွင်းဆင်းမှုများဆောင်ရွက်နေစဥ် သေနတ်၊ ကျည်ဆံ၊ ဒရုန်း၊ လက်ပစ်ဗုံးနဲ့ အခြားလက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-ကျဆုံးသွားသော CNAရဲဘော်များနှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိသော ဒရုန်းနှင့် လက်နက်ခဲယမ်းများ
#ချင်းပြည်နယ် #ဟားခါး #ထန်တလန် #သီမစ်တိုက်ပွဲ #CNAရဲဘော်၃ဦးသေဆုံး #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်မှုများ #ဆက်လက်လုပ်ဆောင် #Ayeyarwaddy_Times