နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ)/ဇွန်လ ၆ ရက်
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ကျေးရွာမှ ဒေသခံ အမျိုးသား ခုနစ် ဦးကို ယမန်နေ့ ဇွန်လ ၅ ရက်နေ့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများထံက သိရသည်။
မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့က ချင်းတွင်းမြစ် အနောက်ဘက်ရှိ ညောင်ပင်ကြီးကျေးရွာသို့ ဝင်ရောက်လာကာ ရဲစခန်းတွင် ညအိပ် တပ်စခန်းချပြီး အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
“စစ်တပ်(စစ်ကောင်စီတပ်)က မိုးကြိုးပြင်တောင်ရွာနဲ့ မိုးကြိုးပြင်မြောက်ရွာထဲကို ဝင်လာပြီး ဒေသခံ ခုနစ် ယောက်ကို ဖမ်းထားတယ်။ ဖမ်းပြီးတော့ ရွာထဲက ဘုန်းကြီး ကျောင်းထဲမှာ စစ်ဆေးနေတယ်” ဟု အသက် ၅၀ ခန့်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်သည် ဆားလင်းကြီးမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီး ရမိခဲ့ပြီး အဆိုပါတပ်ဖွဲ့ဝင်အား လမ်းပြအဖြစ်ခေါ်ဆောင်ကာ ဆားလင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာများကို ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်၍မိုးကြိုးပြင် ကျေးရွာတွင် ညအိပ်စခန်းချထားကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်း မုံရွာမြို့နယ်နှင့် မုံရွာမြို့ ချင်းတွင်းမြစ် အနောက်ဘက်ရှိ ညောင်ပင်ကြီးကျေးရွာ၊ ထန်းတောကြီးကျေးရွာ၊ ဝက်မှေးကျေးရွာ၊ ရွှေလှေကျေးရွာ၊ ဆည်တဲကျေးရွာ၊ ဇီးတောကျေးရွာ၊ ကျောက်ပြူတိုင်ကျေးရွာ၊ ဖောင်ကတာကျေးရွာနှင့် မိုးကြိုးပြင်တောင်ရွာ မြောက်ရွာတို့တွင် မကြာခဏဆိုသလို စစ်ကြောင်းထိုးဝင်ရောက်မှုများပြုလုပ်၍ ကျေးရွာများကိုမီးဖျက်ဆီးခြင်း၊ ဒေသခံများ ကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
#စစ်ကိုင်းတိုင်း #ဆားလင်းကြီးမြို့နယ် #မိုးကြိုးပြင်ရွာ #ဒေသခံများ #စစ်ကောင်စီတပ် #ဖမ်းဆီး #Ayeyarwaddy_Times