ဧရာ၀တီတိုင်းမ်
ဇွန်လ ၅ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် ၁၂ ရှိ အမှတ် ၂ ရဲစခန်းကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ယနေ့ ဇွန်းလ ၅ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ ခမရ (၅၀၇) အခြေစိုက်ရာ မန်အိုင်ရွာဘက်မှလည်း ပစ်ခတ်သံများ ကြားရကြောင်း လားရှိုးမြို့ ဒေသခံများထံက သိရသည်။
MNDAA အင်အား ၈၀ ခန့်သည် ကမ်မိန်းကျောင်းအနီးနေရာယူကာ ယနေ့ နံနက် ၃ နာရီခန့်က စစ်ကောင်စီ၏ လားရှိုးမြို့ အမှတ် (၂) ရဲစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် ၃၀ နီးပါးကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပစ်ခတ်နေစဉ် မန်အိုင်ရွာဘက်မှလည်း ပစ်ခတ်သံများ ထွက်ပေါ်လာကြောင်း လားရှိုးမြို့ခံများက ဆိုသည်။
“ဒီနေ့မနက် ၃ နာရီလောက်မှာ ရပ်ကွက် (၁၂) ဘက်ကနေ ပစ်ခတ်သံတွေကြားရတယ်။ ပြီးတော့ အချိန်သိပ်မကွာဘဲ စစ်ကောင်စီရဲ့ ခမရ(၅၀၇) မှာရှိတဲ့ အထက်မန်အိုင် ရွာဘက်ကနေလည်း လက်နက်ကြီးအသံ နှစ်ချက်နဲ့ လက်နက်ငယ်ပစ်တဲ့အသံတွေ ကြားရတယ်။ မနက်လင်းတဲ့အချိန် ၆ နာရီလောက်မှာတော့ စစ်ကောင်စီရဲ့ စစ်ရဟတ် ယာဉ်တွေ မြို့ထဲနဲ့ အနီးတဝိုက်မှာ ဝဲနေတာ တွေ့ရတယ်” ဟု လားရှိုးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သည် မန်အိုင်ကျေးရွာဘက်တွင် MNDAA တပ်ကို ပစ်ခတ်ခြင်းသည် ကျေးရွာတွင်းနေရာယူကာ ပစ်ခတ်ခြင်းဖြစ်ပြီး အမှတ် (၂) ရဲစခန်းနှင့် မန်အိုင်ရွာသည် လားရှိုးမြို့၏ တောင်နှင့်မြောက်ဖြစ်နေသောကြောင့် ရဲစခန်းကို တိုက်ခိုက်သော MNDAA တပ်ဖွဲ့များကို ပြန်ည်ဆုတ်ခွာစေရန် အာရုံလွှဲတိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံ များက ဆိုသည်။
မြောက်ပိုင်း မဟာမိတ် သုံး ဖွဲ့တွင် ပါဝင်သည့် ကိုးကန့် တပ်ဖွဲ့ (MNDAA) သည် ပြီးခဲ့သည့် ဇွန်လ ၁ ရက် နှင့် ၂ ရက်နေများတွင် စစ်ကောင်စီလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် မိုင်းလားမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရလဒ် တစ်စုံတရာ ထွက်ပေါ်ခဲ့ခြင်းမရှိပေ။
#လားရှိုးမြို့ #အမှတ်၂ရဲစခန်းကို #MNDAA #ဝင်ရောက်ပစ်ခတ် #Ayeyarwaddy_Times