ဧရာဝတီတိုင်းမ်
(ရေတာရှည်)၊ ဇွန်လ ၅ ရက်
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကြာအင်းကုန်းကျေးရွာမှ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းကို ဇွန်လ ၃ ရက် ညနေ ၃ နာရီဝန်းကျင်တွင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တောင်ငူခရိုင် PDF တပ်ရင်း-၃၅၀၁၊ တပ်ခွဲ(၃)၊ တပ်ခွဲ(၄)၊ တပ်ခွဲ(၆) တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။
အင်အား ၇၀ ဝန်းကျင်ပါ စစ်ကောင်စီ စစ်ကြောင်း ဆယ်တောကျေးရွာ၊ ဘုန်းကြီးကျောင်းသို့ ရောက်ရှိစဉ် တော်လှန်ရေးတပ်ဖွဲ့ဝင်များက စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၂ နာရီကျော်အတွင်း စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုများပြားခဲ့ကြောင်း Bago Region PDFထံက သိရသည်။
“PDFတပ်ဖွဲ့တွေနဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေ သေတာများတော့ သာဂရအမှတ် (၈၄) နဲ့ ဆွာ အမှတ် (၁၉) တပ်တွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ရွာတွေပေါ်ကျပြီး လူနေအိမ်တွေ ပြိုကျကုန်တယ်လို့သိရတယ်” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲအတွင်း ဝဲဒေါင့်ကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ မြစ်ကူးတံတားရှိ စစ်တပ် ဂိတ်နှင့် ခလရ (၈၄) တပ်ရင်းမှ သုံးမိုင်ခွဲအကွာရှိ ဆယ်တော်ရွာ၊ ဒေါင့်အင်းကုန်းရွာ၊ ဂွေးသဲရွာများသို့ လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း သိရသည်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီမှ အထိနာမှုများကြောင့် ဇွန်လ ၃ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် ခလရ (၈၄) တပ်ရင်းမှ ၁၂၀-မမ လက်နက်ကြီး သုံးလုံးကို ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဂွေးသဲကျေးရွာအတွင်း နှစ် လုံးကျရောက် ပေါက်ကွဲခဲ့ပြီး မိသားစု သုံးဦးကို ထိမှန်ကာ နေအိမ် သုံးလုံးပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်တွင် မေလ ၁ ရက်နေ့ကလည်း ဆွာမကြီးကျေးရွာအား စစ်ကောင်စီ တပ်နှင့်ပေါင်းကာ ဒုက္ခပေးနေသည့်ဦးကောက်ဆိုသူအား ရေတာရှည်(ပကဖ)မှ သေနတ် ဖြင့်ပစ်သတ်ခဲ့ကြောင်းလည်း Bago Region PDF ထံက သိရသည်။
ဓာတ်ပုံ – Bago Region PDF
#ရေတာရှည် #PDF #တိုက်ပွဲ #စစ်ကောင်စီတပ် #စစ်ကြောင်းထိုး #Ayeyarwaddy_Times