ဧရာ၀တီတိုင်းမ်
ဇွန်လ ၅ ရက်
အာဏာသိမ်းယူပြီးနောက် စစ်ကောင်စီတပ်က မတရားဖမ်းဆီးချုပ်နှောင်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ လွှတ်ပေးခြင်း များရှိသော်လည်း ယခုအခါတွင် ပြန်လည်ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။
ရန်ကုန်မြို့တွင် မတရားဖမ်းဆီးခံခဲ့ရပြီး မေလ ၃ ရက်(ကဆုန်လပြည့်နေ့) လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီမှ ပြန်လည် ဖမ်းဆီးမှုများပြုလုပ်ကာ အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။
“စစ်တပ်က လွတ်ငြိမ်းနဲ့လွှတ်တယ်ဆိုပြီး လွှတ်လိုက်တယ်။ နောက်ရက်မှာပဲ ပြန်လာ ဖမ်းတာမျိုးက ၂၀၂၁ ခုနှစ်ကတည်းကလုပ်ခဲ့တာ။ ခုထိလည်း လုပ်နေတုန်းပဲ။ ထုံးစံ လိုဖြစ်နေပြီ။ တချို့တွေက ဒါကိုမသိတော့ အိမ်ပြန်ချင်ဇောနဲ့ပြန်ကြတယ်။ သူသူကိုယ်ကိုယ် အိမ်ပြန်ချင် ကြတာပဲလေ။ စစစ်ကောင်စီရဲ့ အဲဒီလို လုပ်ရပ် တွေကိုမသိတော့ ပြန်လာ ဖမ်းတာခံရတယ်။ အချို့တွေကျတော့ ကျွန်တော်တို့အဖွဲ့တွေနဲ့ လာချိတ်ဆက်တာရှိတယ်။ ကူညီလုပ်ပေးနိုင်ခဲ့တာတွေ လုပ်ပေးနိုင်တာတွေရှိတယ်။ ခုစာရင်း လုပ်လို့ရသလောက်ဆိုရင် ၁၁ ယောက်လောက်ရှိတယ်၊ ပြန်ပါသွားတာ”ဟု ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာမြို့ပြပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ ထိုကဲ့သို့ပြန်လည်ဖမ်းဆီးခြင်း မခံရစေရန်အတွက် သတိထား ကြရန်နှင့် ပြန်လည် လွတ်မြောက်ပြီးပါကလည်း အဖွဲ့အစည်းများထံ ချိတ်ဆက်ရန်လိုအပ် ကြောင်းနှင့် ၎င်းတို့အနေဖြင့်လည်း သတိပေးဆက်သွယ်ပြောဆို ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ပြည်သူ့တပ်မဟာမြို့ပြပြောက်ကျားတပ်ဖွဲ့ က ဆိုထားသည်။
“စစ်တပ်က ထုံးစံလိုဖြစ်နေပြီ။ အလွှတ်ပြတယ်။ ပြီးရင်လူမသိ သူမသိပြန်ဖမ်းသွား တာမျိုးတွေရှိတယ်” ဟု ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က ဆက်လက်ပြောသည်။
ရန်ကုန်တွင် တပ်ရင်းဖွဲ့စည်းမှုနှင့်ပတ်သက်ပြီးလည်း ၎င်းတို့အနေဖြင့် ကြိုဆိုကြောင်းနှင့် စည်းမျဉ်းစည်း ကမ်းများဖြင့် စနစ်ကျသည့်တပ်ရင်းတပ်ဖွဲ့ဖြစ်ရန် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။
၂၀၂၁ ခုနှစ်မှစ၍ အာဏာသိမ်းစစ်တပ်သည် ပြည်သူများအပေါ်ဖိနှိပ်ကာ ၎င်းတို့ကို ဆန့်ကျင်သူဟူသမျှကို မတရားဖမ်းဆီးချုပ်နှောင်မှုများ ပြုလုပ်ခဲ့ပြီး လက်နက်ဖြင့် အနိုင်ကျင့် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများကိုပါ လုပ်ဆောင်လျှက်ရှိသည်။
ပုံစာ- လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် အင်းစိန်အကျဉ်းထောင်မှပုံ
#ရန်ကုန် #နိုင်ကျဉ်း #စစ်ကောင်စီ #လွတ်ငြိမ်းများ #ပြန်လည်ဖမ်းဆီး #Ayeyarwaddy_Times