ဧရာဝတီတိုင်းမ်
ဇွန်လ ၅ ရက်

ရခိုင်ပြည်နယ်သို့ဝင်ရောက်နိုင်ခြေရှိသောမုန်တိုင်းလေပွေလှိုင်းသည် ယမန်နေ့ ဇွန်လ ၄ ရက်တိုင်းတာချက်အရအားလျော့ပျက်ပြယ်သွားပြီဖြစ်ပြီး အနောက်တောင် မုတ်သုံ လေအားကောင်းမည်ဖြစ်ကြောင်း မိုးလေဝသပညာရပ်ကိုလေ့လာနေသူ ဦးဝင်းနိုင်က ဧရာဝတီတိုင်းမ်သို့ပြောကြားသည်။

ထို့အတူ စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ဇွန်လ ၅ ရက်နေ့မှ ၈ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်နှင့်ဆက်စပ်လျက်ရှိသည့် ကပ္ပလီ ပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area)တစ်ခု ဖြစ်ပေါ်လာနိုင်သည်ဟု ခန့်မှန်းထားသည်။

ထိုသို့ ခန့်မှန်ထားသော်လည်း ဖြစ်ပေါ်နိုင်သည့် အခြေအနေ လျော့နည်းသွားပြီဖြစ်၍ မုတ်သုံလေ အားကောင်းလာနိုင်သည့်အခြေအနေသာ ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းရကြောင်း ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ထို့ကြောင့် မုန်တိုင်းဖြစ်ရန်နီးစပ်နေသောလေပွေလှိုင်းလမ်းကြောင်းသည် ရခိုင်ကမ်းရိုး တန်းဆီသို့ ရောက်ရှိလာခြင်းမရှိဘဲ ကုန်းတွင်းလေပွေလှိုင်း အဖြစ်အားပျော့သွားပြီဖြစ်သည်။

အဆိုပါကုန်းတွင်းလေပွေလှိုင်းကြောင့် အနောက်တောင်မုတ်သုံလေအား ကောင်း မည်ဖြစ်ကာ နိုင်ငံတစ်ဝန်းမိုးရွာသွန်းမှုများပြားမည်ဖြစ်ပြီး ရေကြီးရေ လျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

ထို့ပြင် မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းအပါအဝင် မိုးသီးကြွေခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသပညာရပ်ကိုလေ့လာနေသူ ဦးဝင်းနိုင်ထံက သိရသည်။

ယင်းပြင် ကမ်းရိုးတန်းဒေသများတွင် အနောက်ဘက်ကမိုးသက်၊လေပြင်းကျစဉ် မြေပြင်၊ ရေပြင်လေသည်တစ်နာရီ မိုင်၄၀ ကျော်ခန့်တိုက်ခတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ဦးဝင်းနိုင်လူမှုကွန်ရက်စာမျက်နှာ
#ရခိုင်ကမ်းရိုးတန်း #မုန်းတိုင်း #ဖြစ်ပေါ်နိုင်ခြေမရှိ #အနောက်တောင်မုတ်သုံလေ #အားကောင်း #Ayeyarwaddy_Times