ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇွန်လ ၄ ရက်)
မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံထမ်းအစဉ်အလာတွေအရ လူမှုအဖွဲ့အစည်းမှာ တာဝန်ကိုယ် စီခွဲဝေယူတဲ့အခါ အမျိုးသားတွေကို အိမ်ထောင်ဦးစီးအရာထားပြီး စီးပွားရှာဖွေခြင်း နှင့် ကာယအလုပ်တွေအတွက် တာဝန်ပေးကြပါတယ်။
မြန်မာနိုင်ငံမှာ ယောကျာ်းတစ်ယောက်ဖြစ်ဖို့အတွက် သန်မာရပါမယ်။ စီးပွားရှာနိုင်ရပါမယ်။ နောက်ထပ် အကျင့်သိက္ခာပြည့်ဝမှု ၊ ဖြောင့်မတ်တည်ကြည်မှု ၊ အားကိုးရခံရမှုတွေ အပါအဝင် ရဲရင့်တဲ့ အမျိုးသားတွေ ဖြစ်ဖို့ဆိုပြီး စံနှုန်းသတ်မှတ်ကြပါတယ်။
#ယောကျာ်းတစ်ယောက်ဖြစ်ဖို့လွယ်ကူသလား
အထက်ပါအချက်တွေအပြင် မြန်မာ့အသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ စည်းဘောင်တွေကို ခံယူတယ်၊ လိုက်နာမယ်ဆိုရင်တော့ မြန်မာစံနဲ့ညီတဲ့ ယောကျာ်းတစ်ယောက် အဖြစ်ဖြတ်သန်းနိုင်ပါပြီ။
တကယ်လို မိမိစိတ်က သာမန်ယောကျာ်းလို ဟုတ်မနေဘဲ LGBTQ ဖြစ်နေခဲ့ရင်တော့ ခွဲခြားဆက်ဆံမှုတွေ ပြည့်နေတဲ့ အသိုင်းအဝိုင်းမှာ အပြောင်းအလဲများစွာကို ရင်ဆိုင်ရပြီး ခက်ခဲမှာ အမှန်ပဲဖြစ်ပါတယ်။
#လူပျိုဖော်ဝင်တဲ့အမျိုးသားလေးဖြစ်လာပြီဆိုရင်
လူပျိုဖော်ဝင်တယ်ဆိုတာ ကောင်ကလေး အဖြစ်ကနေ အချိန်တန် ကြီးကောင်ဝင်ပြီး အမျိုးသားလေးအဖြစ် ပြောင်းလဲတဲ့သဘာဝဖြစ်စဉ်ပါ။ ဝှေးစေ့ကနေ သုက်ကောင်လေးတွေထုတ်ပြီး မျိုးဆက်ပွားနိုင်ဖို့ ခန္ဓာကိုယ်ကပြောင်းလဲ ဖွံ့ဖြိုးလာတဲ့သဘာဝဖြစ်စဥ် တစ်ခုပါ။
အရပ်ရှည်လာမယ်။ ပုခုံးတွေကျယ်လာမယ်။ အသံဩလာမယ်။ ချိုင်း၊ ဆီးခုံ၊ ဆီးစပ်နဲ့ စအိုပတ်လည်အပြင် ခန္ဓာကိုယ်အနှံ့မှာ အမွေးအမျှင်တွေထွက်လာမယ်။ ဝက်ခြံတွေ ထွက်မယ်။ လိင်အင်္ဂါနဲ့အခြာအစိတ်အပိုင်းတွေဖွံ့ထွားလာမယ်။ ကြီးလာပါမယ်။
အဲ့ဒီလိုရုပ်လက္ခဏာ သွင်ပြင်ပြောင်းလဲတာတွေအပြင် ဒေါသထွက်လွယ်တာ၊ ရန်လို လွယ်လာတာတွေ ဖြစ်ပါမယ်။ လွတ်လပ်လိုစိတ်တွေများလာမယ်။ စိတ်တွေ ပြောင်းလဲလာပြီး စွန့်စားလိုစိတ်နဲ့ စူးစမ်းလိုစိတ်တွေဖြစ်ပေါ်လာပါမယ်။
မျိုးဆက်ပွားနိုင်ဖို့အတွက် သုက်ရည်ထုတ်နိုင်ပြီဆိုရင် အမျိုးသားလေးဖြစ်ပါပြီ။ တကယ်လူပျိုဖြစ်ပါပြီ။
ကောင်လေးတွေဟာ လူကြီးဖြစ်ချင်ကြပေမယ့် လူပျိုဖြစ်ချိန်မှာတော့ တကယ်ကို စိတ်ဖိစီးရပါတယ်။ အချိန်အခါ မရွေး လိင်အင်္ဂါထောင်မတ်လာတာ၊ ညဘက် အိပ်မက်စိုမက်ပြီး သုက်လွှတ်တာ၊ တကိုယ်ရည်အာသာဖြေမိတာ၊ ညစ်ညမ်းစာပေရုပ်ပုံ ရုပ်ရှင်တွေကို စွဲလမ်းမိတာတွေလို လိင်ပိုင်းဆိုင်ရာကိစ္စတွေ ဖြစ်ပေါ်တတ်ပါတယ်။
အဲ့ဒီလိုအရာတွေအပြင် ဆေးလိပ်၊ မူးယစ်ဆေး၊ အရက်အပြင် ပြည့်တန်ဆာတွေနဲ့ စမ်းသပ်တာတွေလို အရာတွေကြောင့် ကျန်းမာရေးအတွက် ပြဿနာဖြစ်နိုင်တာကိုပါ ကြုံတွေ့ ရင်ဆိုင် ကျော်ဖြတ်ရမှာပါ။
အဲ့ဒီလိုကာလမှာ မိသားစုရဲ့ နွေးထွေးကြင်နာဆက်ဆံပေးတာတွေ ၊ ပညာပေးလမ်းညွှန်နဲ့ အသိပေးမှုတွေကို သူတို့ရဲ့ ပတ်ဝန်းကျင်မှာ မရနိုင်ခဲ့ရင် လူငယ်တွေဟာ လမ်းလွဲကို ရောက်တတ် ကြပါတယ်။
ဒါကြောင့် ကြီးကောင်ဝင်ချိန်၊ လူပျိုဖော်ဝင်ချိန်မှာ ကြုံတွေ့ရတဲ့ အပြောင်းအလဲတွေကို ဂရုစိုက်လမ်းပြပြီး လူငယ်တွေရဲ့ စိတ်ဖိစီးမှုတွေကို အလေးပေးဖြေရှင်းဖို့လိုအပ် ပါတယ်။
တစ်ကိုယ်ရည်အာသာဖြေတယ်ဆိုတာ (masturbation) ကပုံမှန်ပါပဲ။ ယောကျာ်းလေး တိုင်းနီးပါး လုပ်ကြပါတယ်။ ယဥ်ကျေးမှုဓလေ့ထုံးစံတွေ၊ ရှေးရိုးစွဲလူ့အဖွဲ့အစည်းနဲ့ ဘာသာတရားတွေကို ခေါင်းစဥ်တပ်ပြီးမလုပ်ဖို့တားမြစ်ကြပါတယ်။ အလွန်အကျွံ မဖြစ် အောင်နဲ့အခြားသူအနှောက်အယှက်မဖြစ်အောင်သာဂရုစိုက်ဖို့လိုပါတယ်။
#အိပ်မက်စို(အိပ်နေစဉ်သုက်လွှတ်ခြင်း)
အိပ်နေစဥ်သုက်လွှတ်တာ(wet dreams)ဟာ ရောဂါမဟုတ်ပါဘူး။ အိပ်ယာခင်း ညဝတ်အင်္ကျီပုဆိုး စောင်တွေမှာသုက်ရည်တွေ စိုပြီးအကွက်လိုက်ဖြစ်တာက ဆယ်ကျော်သက်ကောင်လေးတွေ အတွက်ရှက်ကိုးရှက်ကန်း ဖြစ်စေတာတော့ အမှန်ပါပဲ။ ဒါလဲသဘာဝပဲမို့ စိုးရိမ်စရာမရှိပါဘူး။
#အဖော်အချွတ်လိင်အသားပေးဖျော်ဖြေရေး(Pornography)
အပြာကား ညစ်ညမ်းရုပ်ရှင်တွေကို ကြည့်တာကလည်းလူ့သဘာဝပါပဲ။ အတုမြင် အတတ်သင်လိင်မှုဘဝကို သင်ယူကြဖို့ကြည့်ကြတယ်ပဲပြောပြော လူပျိုပေါက်တွေ ကြိုက်နှစ်သက်စွာ ကြည့်ကြပါတယ်။ အလုပ်အကိုင်ပျက်တဲ့အထိ စွဲစွဲလမ်းလမ်း ကြည့်တာမျိုးမဟုတ်ရင်ကိုယ်ရဲ့ နေ့စဉ်လူမှုဘဝကိုမထိခိုက်ရင်ရပါပြီ။ ဒီလိုညစ်ညမ်း ရုပ်ရှင်တွေ၊ အပြာရုပ်ပုံတွေကြည့်လို့ ဥာဏ်ထိုင်းတယ်ဆိုတာက လုံးဝ မဟုတ်ပါဘူး။
#လိင်အင်္ဂါကြီးဆေးထိုးခြင်း၊ဆေးသောက်ခြင်း
သဘာဝအတိုင်းကအကောင်းဆုံးပါပဲ။ လိင်တံကိုဆေးထိုးတဲ့အခါ ဒါမှမဟုတ် လိင်တံ ဘေးကိုပြင်ပကို ဖန်လုံး၊ စတီးလုံး၊ ဆီလီကွန် အလုံးလေးတွေထည့်တဲ့အခါ ထည့်နေစဥ် စနစ်တကျပိုးသန့်စင်တာတွေ မလုပ်နိုင်တော့ ပိုးဝင်တာရောင်ရမ်းပြီး အနာဖြစ်တာ ပြည်တည်တာတွေဖြစ်ပါတယ်။
လိင်အင်္ဂါကြီးဆေး ထိုးပြီးတဲ့အခါမှာလည်းပုံပျက်ပြီးလိင်မဆက်ဆံနိုင် ဆီးမသွားနိုင်ဘဲ ဒုက္ခတွေများတတ်ပါတယ်။ ဒီလို ပုံပျက်နေတဲ့လိင်တံဘေးမှာ ဆေးတွေခဲသွားတဲ့ အခါ ခွဲခန်းဝင်ပြီးဖယ်ရှားရပါတယ်။ အဆင်ပြေပြေဖြစ်ဖို့ တော်တော်ကို လုပ်ယူရပါတယ်။ တစ်ကြိမ်မက နှစ်ကြိမ်သုံးကြိမ်အထိပြန်ပြီး ရှင်းလင်းရတတ်ပါတယ်။ ဆိုးရွားတဲ့ အခြေ အနေမှာတော့ လိင်တံကို အခြေကနေ(အရင်းကနေ) ဖြတ်ရတဲ့လူနာကိုပါ တွေ့ဖူး ပါတယ်။ ဒါကြောင့် လူပျိုပေါက်အရွယ်မှာတင် ကြိုတင်အသိပေးပါရစေ။ ဒါတွေကို လုံးဝ မလုပ်သင့်ပါဘူး။
လိင်ဆက်ဆံချိန်ကြာဆေးဆိုပြီး မူးယစ်ဆေးတွေ ရောင်းကြပါတယ်။ မူးယစ် မိန်းမော စေတဲ့အခါ အသိစိတ်လွတ်ပြီးမှားချင်သလိုမှားကြပါတယ်။ အကာကွယ်မဲ့ ဖြစ်ခဲ့ပါက လိင်မှတစ်ဆင့်ကူးတဲ့ရောဂါဆိုးကြောင့် ဒုက္ခများနိုင်ပါတယ်။
ပန်းသေပန်းညိုးမှာကုသတဲ့ဆေးတွေကိုsildenafil ၊ လိင်ဆက်ဆံချိန်ကြာစေတယ် ဆိုပြီးသုံးကြပါတယ်။သွေးကြော ကျယ်စေတဲ့ ဆေးအစွမ်းကြောင့်အသုံးများကြပါတယ်။ ဒီဆေးတွေကြောင့် ခေါင်းကိုက်တာ၊ မျက်နှာနီရဲနေတာ ၊ ခေါင်းမူးအမြင်ဝေဝါးတာ၊ ပါးစပ်ပျက်တာ၊ အစားအသောက်ပျက်တာ၊ နှာရည်ကျတာ ၊ ကြွက်သားနာကျင်တာတွေ အပြင်လိင်အင်္ဂါတောင့်တင်းလွန်းပြီး ပုံမှန်အခြေအနေ ပြန်မရောက်နိုင်ဘဲနာကျင်တာ တွေ တွေကစပြီး အခြားပြဿနာကြီးတွေအထိ ဖြစ်တတ်ကြုံတတ်ပါတယ်။ နှလုံးနဲ့သွေးကြောမှာရောဂါရှိသူတွေမှာ အန္တရာယ်ကြီးကြီးမားမား ဖြစ်တတ်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ မသောက်ခင်ဆွေးနွေးရပါမယ်။
စစ်အာဏာရှင် ဗိုလ်ချုပ်မင်းအောင်လှိုင် အာဏာသိမ်းထားစဉ်ကာလအတွင်း မူးယစ် ဆေးဝါးပေါင်းစုံဟာ လူငယ်တွေကြားမှာ ပိုမိုပျံ့နှံ့လာပါတယ်။ တော်လှန်ရေးမှာ လူငယ်တွေ မပါဝင်နိုင်စေဖို့အတွက် သိပါလျက်နဲ့ မျက်နှာလွှဲထားတဲ့ အကျိုးဆက်က မူးဆစ်ဆေးရဲ့ သားကောင်တွေအဖြစ် လူငယ်အချို့ကို အညွန့်တုံး အနာဂတ်မဲ့စေမှာပါ။ စစ်ကောင်စီတပ်က အရာရှိတွေကိုယ်တိုင် မူးယစ်ရာဇာလုပ်ကိုင်နေကြတာမျိုး ကြားသိနေရတာကြောင့် မြို့ပြက လူငယ်တွေအတွက် စိုးရိမ်မိပါတယ်။
မူးယစ်ဆေးအသုံးပြုပြီး လူစိတ်ကင်းမဲ့နေတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို လက်နက်နဲ့ ဒုက္ခပေးယုံမျှမကဘဲ ဖမ်းဆီးပြီး လူသားဒိုင်းအသွင် အသုံးပြုတာတွေ၊ သူ့ရဲ့ စစ်ကောင်စီတပ်သယားတွေကို မူးယစ်ဆေးထိုးပေးပြီး သတိလွတ်နေတဲ့အချိန် ပြည်သူတွေကို စစ်တိုက်ခိုင်းတာတွေလို လူမဆန်တဲ့ အပြုအမူတွေလုပ်နေခဲ့ပါတယ်။
ဒါကြောင့် ကောင်းကျိုနတ္တိ မရှိတဲ့ စစ်ကောင်စီတပ်နဲ့မူးယစ်ဆေးကို လူငယ်တွေအနေနဲ့ ဆင်ခြင်သတိနဲ့ အမြစ်ဖျက်ဖို့ လိုကို လိုအပ်ပါတယ်။
လူငယ်တွေကို နောက်ဆုံးအနေနဲ့ တိုက်တွန်းချင်တာက တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပြီး သန့်ရှင်းစွာနေထိုင်ဖို့ပါ။ အာဟာရစုံစုံလင်လင်စားသောက်တာ။ ကိုယ်လက်ကျန်းမာဖို့ အားကစားလိုက်စားတာ၊ လေ့ကျင့်ခန်းလုပ်တာတွေ လိုအပ်ပါတယ်။
ကျန်းမာတဲ့ အမျိုးသားများအဖြစ် ရှေ့ဆက်နိုင်ကြစေဖို့ ရည်ရွယ်ရင်း ကောင်းမွန်တဲ့ ဖက်ဒရယ်နိုင်ငံတော်သစ်မှာ တန်းတူညီမျှ အခွင့်အရေးတွေရဖို့ မေတ္တာဖြင့်ဆုတောင်း လိုက်ပါတယ်။
နောက်တစ်ပတ်မှာတော့ (ဆေးလိပ် အရက် ကွမ်းယာ ) LGBTQ လူငယ်များအတွက် ကျန်းမာရေး အကြောင်းအရာများ ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာ ရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန်နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများ ရယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။)
Getty Images
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #သားငယ်တို့ကြီးကောင်ဝင်ချိန် #လူပျိုဘဝအပြောင်းအလဲများ #သိကောင်းစရာ #ဆောင်းပါး #Ayeyarwaddy_Times