ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၄ ရက်
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အကြမ်းမဖက်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ CDM ဝန်ထမ်းတွေ အလင်းဝင်ဖို့ စစ်ကောင်စီက ၄င်းတို့ဝါဒဖြန့် မြဝတီသတင်းကနေတဆင့် ဇူလိုင် ၁၃ ရက်မနေ့ကထုတ်ပြန်ပါတယ်။
” ပြည်တွင်း၊ ပြည်ပရှိ အချို့သော ကျောင်းသား၊ကျောင်းသူ၊ လူငယ်လူရွယ်များနှင့် CDM ဝန်ထမ်းများအား ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေး အသိပေးထုတ်ပြန်ခြင်း” ဆိုတဲ့ ခေါင်းစဥ်နဲ့ စစ်ကောင်စီဘက်က ဝါဒဖြန့်ထုတ်ပြန်လာတာပါ။
စစ်ကောင်စီက ၄င်းတို့ကိုဆန့်ကျင်ပြီး CDM ပြုလုပ်ထားတဲ့ ဝန်ထမ်းတွေနဲ့ကျောင်းသားတွေကို လိုက်လံဖမ်းဆီးနေပြီး ထောင်ချ အရေးယူတာတွေလည်းလုပ်ဆောင်နေသလို၊ ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာသေဆုံးသွားခဲ့တဲ့ CDM ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေလည်း အများအပြား ရှိနေပါတယ်။
” ကျနော်တို့က သူတို့ကိုယုံကိုမယုံတာ။ ဝါဒဖြန့်ဖို့ဇာတ် လမ်းရှာနေတာ။ PDF တွေအလင်းဝင်ပါလို့ထုတ်ပြန်တယ်။ ပြီးတော့ PDF တွေအလင်းဝင်နေပြီဆိုပြီး ရက် ပိုင်းလေးခြားပြီး ဓာတ်ပုံတွေနဲ့ဝါဒဖြန့်တယ်။ခုလည်း ကျောင်းသားတွေ CDM တွေအလင်းဝင်ဖို့ဝါဒဖြန့်တယ်။ ခဏနေကြည့်နေ CDM တွေ အလင်းဝင်လာပါတယ်ဆိုပြီး ပြဦးမှာဘဲ။ သူတို့ စစ်ကောင်စီကို ထောက်ခံတဲ့သူတွေ စိတ်ဓာတ်မကျအောင် ဝါဒဖြန့်တာပေါ့။ ကျနော်ကတော့ အဲ့ဒီလိုဘဲမြင်တယ်” လို့ CDM ရဲဝန်ထမ်းတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဇွန်လဆန်းပိုင်းမှာလည်း PDF တွေအလင်းဝင်ကြဖို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီးတော့ ဇွန်လ တလအတွင်း အလင်းဝင်ရောက်လာတဲ့ PDF ၂၀၀ ကျော်ရှိတယ်လို့လည်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။