ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၄ ရက်

ပဲခူးတိုင်း၊ အရှေ့ဘက်ခြမ်းရှိ ကျောက်ကြီးမြို့နယ် မုန်းဒေသကို အာဏာသိမ်းစစ်တပ်မှ စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် အာဏာသိမ်းစစ်တပ်၏ ဒေသဆိုင်ရာ အုပ်ချုပ်ရေးဝန်ထမ်းနှင့် မိသားစုများ အပြောင်းအရွှေ့ ပြုလုပ်နေကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးအပတ်တွင် ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၃ ဘက်က စစ်တပ်၏ တပ်စခန်း ၅ ခုကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း အဆိုပါဒေသအနီးရှိ အထွေထွေ အုပ်ချုပ်ရေးဌာနအပါအဝင် စစ်ကောင်စီ၏ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများသည် ဖြူးမြို့နယ်နှင့် ရွှေကျင်မြို့နယ်တို့ဘက်ကို ရွှေ့ပြောင်းနေကြကြောင်း မုန်းဒေသခံတဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

”ပထမဆုံး KNU အုပ်ချုပ်နယ်မြေက စစ်ကောင်စီခန့်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်ပြီး သူတို့နဲ့ သူတို့မိသားစုဝင်တွေ ရွှေ့ပြောင်းကြတယ်။ ပြီးတော့ ထွေအုပ်အပါအဝင် စစ်ကောင်စီဘက်က ဌာနဆိုင်ရာ ဝန်ထမ်းနဲ့ ဝန်ထမ်းမိသားစုတွေ ရွှေ့ပြောင်းကြတယ်။ သူတို့စီက ရတဲ့သတင်းအရ စစ်တပ်ဟာ ဒီဒေသကို စစ်ကြောင်းအကြီးအကျယ် ထိုးတော့ဖို့ ပြင်ဆင်နေတယ်။ မြေလှန်မီးရှို့စစ်ဆင်ရေး လုပ်မယ့်အနေအထားမို့ သူတို့လူတွေ မထိခိုက်အောင် အရင်ဆုံး ရွှေ့ခိုင်းတဲ့ပုံစံမျိုးပဲ” ဟု သူက ဆိုသည်။

KNU က မုန်းဒေသအတွင်းရှိ ကြောင်ပြာ၊ အောင်းလောင်းစိန်၊ ကျွန်းပင်ဆိပ်၊ ကော့ပြင်း၊ ကျောင်းစုရှိ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း စစ်တပ်ဘက်မှ အဆိုပါစခန်းအနီးအနားတွင် လက်နက်ကြီးများ၊ လေကြောင်း တိုက်ခိုက်မှုများဖြင့် တိုက်ခိုက်နေသလို တပ်မဟာ ၃ ဒေသဘက်ကို ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် စစ်ဆင်ရေး ပြုလုပ်နေသည့် မြေလှန်မီးရှို့သည့် စစ်ဆင်ရေးမျိုး ဆင်နွှဲရန်အတွက် စစ်ပြင်ဆင်နေကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိအချိန်တွင် မြေပြင်တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၄ သောင်းနီးပါးသည် စစ်ရှောင်နေကြရပြီး ထိုကဲ့သို့ စစ်ဆင်ရေး ဆင်နွှဲလျှင် စစ်ရှောင်ဦးရေ ထပ်မံတိုးလာမည့် အနေအထားမျိုး ရှိနေသည်။
ကျောက်ကြီးမြို့နယ်နှင့် နီးစပ်နေသည့် တောင်ငူမြို့နယ်တွင်လည်း အာဏာသိမ်း စစ်ကော်စီက အထွေထွေ အုပ်ချုပ်ရေး အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းများ အပြောင်းအလဲ ပြုလုပ်နေကြောင်း၊ စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း တောင်ငူမြို့ခံများထံမှ သိရသည်။

”တပ်မဟာ ၃ ဘက်ကို စစ်ကြောင်းဖွင့်ဖို့တော့ စစ်ပြင်ဆင်နေတဲ့ အရိပ်လက္ခဏာတွေ တွေ့ရတယ်။ မိုးတွင်းမှာပဲ စစ်ဆင်ရေး လုပ်မှာလား၊ မိုးကုန်မှပဲ လုပ်မှာလားတော့ မသိဘူး။ အုပ်ချုပ်ရေးအဖွဲ့အရာရှိတချို့လည်း အပြောင်းအလဲ လုပ်ထားတယ်။ အာဏာသိမ်းစစ်တပ်က။ တောင်ငူ၊ သံတောင်၊ ကျောက်ကြီး စတဲ့မြို့နယ်တွေမှာတော့ အစစ်အဆေးတွေ အရင်ကထက် ပိုများလာတယ်” ဟု တောင်ငူမြို့ခံ တဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၁၇ လတာကာလတွင် ပြည်တွင်းစစ်များကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသူ ခုနှစ်သိန်း ခြောက်သောင်းကျော်ရှိနေပြီး နှစ်သိန်း ငါးသောင်းကျော်သည် ကလေးငယ်များဖြစ်နေကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဇွန်လကုန်ပိုင်းက ထုတ်ပြန်ထားသည်။