ဧရာဝတီတိုင်းမ်
မေလ ၃၁ ရက်
ဧရာ၀တီတိုင်း၊ မြောင်းမြမြို့ ရွှေသာလျှောင်းဘုရား၀န်းမှာ မေလ ၃၀ ရက်နေ့ နေ့လည်ပိုင်းက အမျိုးသားတစ်ဦး လဲကျသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီကနေသိရပါတယ်။
လမ်းပေါ်လဲကျသေဆုံးခဲ့တဲ့ အမျိုးသားဟာ အသက်ကြီးပိုင်းတစ်ဦးဖြစ်ပြီး ဘာကြောင့်သေဆုံးတယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ဘုရား၀န်းထဲမှာလဲနေလို့ သွားကြည့်တော့ အသက်မရှိတော့ဘူး၊ နေပူရှိန်ကြောင့် ဦးနှောက်သွေးကြောပြတ်တာလားမသိလို့ လူမှုကူညီရေးကိုအကြောင်းကြားလိုက်တာ။ ရဲတွေပါရောက်လာပြီ ဆေးရုံကိုသယ်သွားတာပဲ”လို့ မြောင်းမြမြို့ဒေသခံတစ်ဦးကပြောပါတယ်။
သေဆုံးသူအမျိုးသားဟာ အသက် ၅၀ ကျော်ခန့်လို့ခန့်မှန်းရပြီး ပြင်ပဒဏ်ရာများမတွေ့ပဲသေဆုံးခဲ့တာကြောင့် မြောင်းမြမြို့ဆေးရုံ မှာ ရင်ခွဲစစ်ဆေးဖို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
မြောင်းမြမြို့မှာ မေလအတွင်း လမ်းပေါ်လဲကျ သေဆုံးသူ အမျိုးသား စုစုပေါင်း ၄ ဦးထိရှိလာပြီလို့ မြိုခံတွေဆီကနေ သိရပါတယ်။
နေ့အပူချိန်မြင့်တက်လာမှုကြောင့် ရုတ်တရက် လဲကျပြီး အသက်သေဆုံးမှုဖြစ်စဥ်တွေ နိုင်ငံအနှံမှာဖြစ်ပေါ်နေပြီး ဧရာ၀တီတိုင်းမှာ သင်္ကြန်ပွဲတော်အပြီး ကိုဗစ်ပိုးတွေ့လူနာတွေပြန်လည်များပြားလာပြီးမေလ ၆ ရက်နေ့က ဟင်္သာတမြို့မှာ လူနာတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
#မြောင်းမြ #အမျိုသားတစ်ဦး #လမ်းပေါ်လဲကျသေဆုံး၊ #တစ်လအတွင်းလမ်းပေါ်သေဆုံးသူ #လေးဦးထိရှိလာ
#Ayeyarwaddy_Times