
ကိုကိုမောင်/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၄ ရက်
ဧရာဝတီတိုင်းအတွင်းရှိ ပညာရေးဌာနမှ အကြမ်းမဖက် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု – CDM မှာ ပါဝင်ခဲ့ပြီး အကြောင်းအမျိုးမျိုးဖြင့် စစ်ကောင်စီလက်အောက်၌ ပြန်လည်အမှုထမ်းနေသော ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများမှာ စစ်ကောင်စီ ပညာရေးဌာန၏ ပြစ်ဒဏ်ပေးခြင်းများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။
ယခင်က CDM ပြုလုပ်ခဲ့ပြီး ခံဝန်ထိုး၍ ပြန်လည်ဝင်ရောက်လာသူ ဆရာ၊ ဆရာမများကို စစ်ကောင်စီ လက်အောက်ရှိ ပညာရေးဌာနက မူလတာဝန်ထမ်းခဲ့သည့်ကျောင်းများတွင် ပြန်လည်တာဝန်မပေးဘဲ မြို့နယ်အတွင်းရှိ နယ်စွန်နယ်ဖျားဒေသများမှ စာသင်ကျောင်းများသို့ ပြောင်းရွှေ့ကာ ပြစ်ဒဏ်ပေးနေပြီး သတိထားစောင့်ကြည့်မှုတွေ ပြုလုပ်နေကြောင်း ပညာရေးဌာနအသိုင်းအဝိုင်းထံမှ သိရှိရသည်။
“ကျွန်မတို့က စစ်အာဏာသိမ်းပြီးကတည်းက CDM ပြုလုပ်ခဲ့ကြတယ်။ ကလေးတွေ ကြွေးကြော်သလို ရုံးမတတ်ဘဲ ရုန်းထွက်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ပံ့ပိုးသူ၊ ကူညီသူမရှိဘဲ အခက်အခဲမျိုးစုံကြုံတာရယ်၊ ဖမ်းဆီးခံရမယ့် ဖိအားမျိုးစုံ ပေးခံရပြီး စစ်ကောင်စီက ပြန်ဖိတ်ခေါ်လို့ Non – CDM ပြန်လုပ်ခဲ့တယ်။ အခုလည်းကျရော ကိုယ်နေခဲ့တဲ့ မြို့မှာ မူလတာဝန်မပေးဘဲ နယ်ဘက်က ကျောင်းတွေကို ပြောင်းပြီး တာဝန်ပေးတယ်။ ပြစ်ဒဏ်ပေးတဲ့အနေနဲ့ နယ်စွန်နယ်ဖျားတွေကို တာဝန်ပေးတော့ အခက်အခဲတွေ အများကြီး ကြုံရတယ်”ဟု ညောင်တုန်းမြို့နယ်မှ Non – CDM ပြုလုပ်ခဲ့သည့် ကျောင်းဆရာမတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြေားသည်
ဧရာဝတီတိုင်း၌ စစ်အာဏာသိမ်းမှုကို လက်မခံသည့်အတွက် ပညာရေးဌာနမှ ဆရာ၊ ဆရာမများနှင့် ပညာရေး ဝန်ထမ်းများ ထောင်နှင့်ချီ၍ ကျောင်းမတက်၊ စာမသင်ဘဲ CDM ပြုလုပ်ခဲ့ကြသည်။ သို့သော် CDM ပညာရေး ဝန်ထမ်းများမှာ စစ်ကောင်စီ၏ဖမ်းဆီးရန် ခြိမ်းခြောက်ခြင်း၊ အိုးအိမ်စွန့်ခွာ ရှောင်တိမ်းနေရခြင်း၊ ထောက်ပံ့ ငွေကြေး မရခြင်းနှင့် ဝင်ငွေမရှိခြင်းကြောင့် စားဝတ်နေရေး ခက်ခဲသည့်အခြေအနေများကြောင့် CDM ဝန်ထမ်းတချို့မှာ Non – CDM ပြုလုပ်၍ စစ်ကောင်စီလက်အောက်၌ အလုပ်ပြန်ဝင်ခဲ့ကြသည်။
အလုပ်ပြန်ဝင်ကြသည့် CDM ဆရာ၊ ဆရာမများကို စစ်ကောင်စီလက်အောက်၌ တောက်လျှောက်တာဝန် ထမ်းဆောင်ခဲ့ကြသည့် Non – CDM ဆရာ၊ ဆရာမများက ကဲ့ရဲ့ခြင်း၊ စောင်းမြောင်းပြောဆိုခြင်းနှင့် လုပ်ငန်းခွင်တွင် ခွဲခြားဆက်ဆံခြင်းများ ပြုလုပ်နေသည်ဟု ပညာရေးဝန်ထမ်းအသိုင်းအဝိုင်းထံက သိရသည်။
“CDM လုပ်ပြီး ပြန်ဝင်လာတဲ့ ဆရာ၊ ဆရာမတွေကို စစ်ကောင်စီလက်အောက်မှာ တခါမှ CDM မလုပ်ဘဲ တောက်လျှောက် ရုံးတက်နေတဲ့ Non – CDM တွေက ဘာပြောသလဲဆိုတော့ ငတ်တော့မှ ပြန်လာတဲ့ ဟာတွေ၊ ကိုယ့်အလုပ်မလုပ်ဘဲ နိုင်ငံရေးတွေ သွားလုပ်ပြီး ငတ်တော့မှ၊ ဖမ်းမယ်ဆိုတော့မှ ပြန်ဝင်လာတဲ့ ဟာတွေဆိုပြီး ဝိုင်းပယ်တာ၊ ကဲ့ရဲ့တာတွေ၊ စောင်းမြောင်းတာတွေ လုပ်နေတာ တွေ့နေရတယ်”ဟု လပွတ္တာမြို့မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။