ဧရာဝတီတ်ိုင်းမ်
ဇူလိုင် ၁၃ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပညာရေးဝန်ကြီး ဌာနအသိအမှတ်ပြု Kaung For you Online Class မှာ စာသင်ကြားပေးနေတဲ့ CDM ဆရာမ ၅ ဦးထက်မနည်း ဇူလိုင် ၁၃ ရက် ဒီကနေ့ တရက်တည်းမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုခံထားရတယ်လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒီနေ့နေ့လည်ပိုင်းက လုံခြုံရေးအရ ဒေသအမည်မဖော်လိုတဲ့နေရာနှစ်ခုက Kaung for you ဆရာမ ၅ ဦး တပြိုင် နက်တည်း ဖမ်းဆီးခံခဲ့ရတယ်လို့ အဲ့ဒီဖမ်းဆီးခံရတဲ့မိသားစုဝင်တွေနဲ့နီးစပ်သူသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောဆိုပါတယ်။

” ဖမ်းခံလိုက်ရတာသေချာတယ်၊ လက်ရှိ ၅ ယောက်ရှိပြီ။ လုံခြုံ ရေးအရဒေသတော့ထည့်ပြောလို့အဆင်မပြေဘူး။ ဆရာမတွေရော laptopတွေကိုရောအကုန်လုံးပါသွားတယ်။ ပြည်တွင်းမှာရှိတဲ့ဆရာမတွေကို ဆက်ပြီးဖမ်းဖို့လုပ်နေတယ်လို့ အကြမ်းဖျဥ်းသိထားတယ်” လို့ သူကပြောပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်း၊ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ် ကွက်မှာ နေထိုင်တဲ့ K 4 u ဆရာမ ၁ ဦးကို ဒီကနေ့နေ့လည် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ကလာရောက်ဖမ်းဆီးခဲ့ပေမယ့် အဲ့ဒီဆရာမကိုမတွေ့လို့ Kaung for you ကမဟုတ်တဲ့ အခြား CDM ဆရာမတဦးဖြစ်တဲ့ တရပ်ကွက်တည်းနေသူ မအားအားမွေးကို ဖမ်းဆီးသွားတယ်လို့ ကော့သောင်းမြို့ ခံတွေကဆိုပါတယ်။

” သူတို့လာဖမ်းတာက Kaung For You က ဆရာမ ၊ အဲ့ဒီဆရာမကမရှိဘူး။ အဲ့ဒါကို အဲ့ဒီရပ်ကွက်ထဲကဘဲ CDM လုပ်ထားတဲ့ ဆရာမ အားအားမွေး ကိုတွေ့ပြီး သံသယနဲ့စွပ်စွဲပြီးဖမ်းသွားတယ်” လို့ ဖမ်းဆီးခံရတဲ့ဆရာမနဲ့နီးစပ်တဲ့ဒေသခံက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ရှမ်းပြည်(တောင်ပိုင်း) ကလောမြို့က K 4 U ဆရာမတဦးကိုလည်း ဒီကနေ့နေ့လည်ပိုင်းက စစ်ကောင်စီတပ်သားတွေကစာသင်နေချိန်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ချုပ်က သင်ကြားရေးဆရာ၊ဆရာမတွေအပေါ် အခုလိုဖမ်း ဆီးနေတာနဲ့ပတ်သက်ပြီး သဘောထားထုတ်ပြန်ချက်တစောင်ထုတ်ပြန်ထားပါတယ်။

Kaung for You ကသင်ကြားရေးဆရာမတွေဖမ်းဆီးခံနေရတာနဲ့ပတ်သက်ပြီး အဲ့ဒီ Kaung For You လူမှုကွန်ယက်အပါအဝင် ထုတ်ပြန်ချက်တစုံတရာထုတ်ပြန်တာမျိုးမတွေ့သေးပါဘူး။ ဒီမနက်အစောပိုင်းမှာ Kaung for You ရဲ့ တည်ထောင်သူဆရာကောင်း ဖမ်းဆီးခံရတယ်လို့ သတင်း တွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါသေးတယ်။အဲ့ဒီအခြေ အနေတွေနဲ့ပတ်သက်လို့အတည်မပြုနိုင်ပါဘူး။

ဧရာဝတီတိုင်းမ်အနေနဲ့ Kaung For You လူမှုကွန်ယက်စာမျက်နှာ မက်ဆင်ဂျာကို ဆရာမတွေဖမ်းဆီးခံရတဲ့အခြေအနေနဲ့ပတ်သက်လို့ မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမျိုးမရှိသလို အဲ့ဒီ လူမှုကွန်ယက်Page ကို စစ်ကောင်စီကထိန်းချုပ်ထားတယ်လို့ သတင်းတွေထွက်နေပြီး သီးခြားတော့အတည်မပြုနိုင်ပါဘူး။

Kaung For You Onlineclass မှာ တက်ရောက်ဖို့အတွက် ကျောင်းအပ်ထားတဲ့ကျောင်းသားဦးရေဟာ သိန်းနဲ့ချီရှိနေပြီး အခုလိုဖြစ်စဥ်တွေအပေါ်ဆရာမတွေရော ကျောင်း သားမိဘတွေပါစိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ သိရပါတယ်။