“ပဋိပက္ခကာလအတွင်း ရှင်သန်နေထိုင်ခြင်း”(ကျန်းမာရေးအသိပညာပေးကဏ္ဍ)

လက်ဆေးခြင်းဖြင့်ကာကွယ်နိုင်မည့်ရောဂါများ နှင့် မိုးရာသီတွင်ကြုံရတတ်သည့် ဝမ်းဗိုက်ပြဿနာ

ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ မေလ ၂၄ ရက်)

စိုစွတ်တဲ့မိုးရာသီမှာ ရောဂါ ပိုးမွှား ပေါက်ဖွားရှင်သန်ကြပါတယ်။ ကူးစက်ရောဂါ‌တွေ ပိုမိုဖြစ်ပွားပါတယ်။ ရေကြီးရေလျှံပြသနာတွေကြောင့်လည်း ကျန်းမာရေး ပြဿနာ တွေယှဉ်တွဲလာကြပါတယ်။

လွယ်ကူတဲ့ လက်ဆေးခြင်းကို ထိထိရောက်ရောက်လုပ်ပါက ကလေးသေနှုန်း အများဆုံး ဖြစ်နေတဲ့ ဝမ်းရောဂါကို တိုက်ဖျက်နိုင်မှာပါ။

“သန့်ရှင်းကျန်းမာအလေးအထ လက်ဆေးစနစ်မှန်ကန်ခြင်းက” လို့ ဆိုရပါမယ်။ လူတွေရဲ့ ကျန်းမာ‌ရေးအဆင့်အတန်းကို သိချင်ရင် လက်ဆေးခြင်းအလေ့အထကို ကြည့်ပြီး အကဲ ဖြတ်လို့ရပါတယ်။

လက်ဆေးရေဇလုံထဲ လက်နှိုက်လိုက်တာမျိုး၊ ရေဘုံဘိုင်က စီးကျလာတဲ့ ရေကို လက်ဖြန့်ခံပြီး ချေးနှူး လိုက်ရုံမျှနဲ့ လက်ဆေးတယ် မခေါ်ဆိုပါဘူး။ နည်းလမ်းမမှန်ပါဘူး။

လက်ဆေးတယ်ဆိုတာ ရေပိုက်ခေါင်းဖွင့်ပြီး လက်နှစ်ဖက်ကိုရေစွတ်ရပါမယ်။‌ ရေခွက်နဲ့ရေကို ခပ်ပြီးလောင်းမယ်ဆိုပါက လက်ကိုင်တံပါတဲ့ ရေခွက်တွေကို သုံးသင့်ပါတယ်။ ဆပ်ပြာကိုသုံးပြီး အမြှုပ်တွေထတဲ့အထိ ပွတ်တိုက်ပေးရပါမယ်။ ဆပ်ပြာ မြှုပ်ကိုလက်နဲ့ထိတွေ့ချိန် စက္ကန့်နှစ်ဆယ်အနည်းဆုံးရှိရပါမယ်။ လက်ဖဝါး လက်ဖမိုး လက်‌ချောင်းတွေ အပါအဝင် လက်ကြားနဲ့ လက်ကောက်ဝတ်နေရာအထိ နေရာအနှံ့ဆေးရပါမယ်။ သန့်ရှင်းနဲ့ရေနဲ့ ဆေးချရပါမယ်။

ဆေးပြီးသွားတဲ့ လက်သန့်သန့်လေး ကို အဝတ်ခြောက်သန့် သန့်လေးနဲ့ ဒါမှမဟုတ်ရင် တစ်ရှူးစက္ကူနဲ့ သုတ်ပေးပါ။ ဒါတွေမရှိရင်တော့ လက်ကို လေထဲမြှောက်ပြီး လေသလပ်ခံ လိုက်ရပါမယ်။ ပုဆိုး လုံချည် ဘောင်းဘီတွေလို ဝတ်ထားတဲ့ အဝတ်အစားတွေ လက်သုတ်ပုဝါ အမည်ခံမီးဖိုချောင်သုံးအဝတ်တွေနဲ့ မသုတ် စေချင်ပါဘူး။

#လက်ဆေးခြင်းဖြင့်ဝမ်းရောဂါအပြင်ကာကွယ်နိုင်သည့်ရောဂါများ

ဆပ်ပြာစနစ်တကျသုံးပြီး နည်းလမ်းမှန်လက်ဆေးခြင်းဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနှုန်းကို ထက်ဝက်မက လျော့ချနိုင်ပါတယ်။ ကုန်ကျစရိတ်အသက်သာဆုံး ကြိုတင်ကာကွယ်‌‌တဲ့နည်းလမ်းဖြစ်ပါတယ်။

လက်ဆေးခြင်းဖြင့် ကာကွယ်နိုင်တဲ့ ရောဂါတွေက မနည်းလှပါဘူး။ အားလုံးသိကြတဲ့
-ဝမ်းပျက်ဝမ်းလျှောရောဂါများ
-ဝမ်းကိုက်ရောဂါများ
-သံကောင်တုပ်ကောင် ကပ်ပါးကောင်ရောဂါများ
-အစာအိမ်နှင့်အူလမ်းကြောင်းရောဂါများ
-ကိုဗစ်-19 ကိုရိုနာဗိုင်းရပ်ရောဂါများ
-အအေးမိတုပ်ကွေး ရောဂါများ
-အသည်းရောင်အသားဝါ အေ ရောဂါ
-ဆယ်မွန်နဲလား ရှီဂဲလားဘတ်တီးရီးယား ကူးစက်ရောဂါ‌တွေကို ကာကွယ်ကြဖို့ လက်ကို စနစ်တကျဆေးရပါမယ်။ ဒါဆိုရင် ရောဂါတွေကိုအထိုက်အ‌လျောက် ကာကွယ်ပြီး ဖြစ်သွားပါမယ်။

ခွဲစိတ်ကုသပေးမယ့် ဆရာဝန်တွေဆိုလည်း ခွဲစိတ်ခြင်းမပြုမီ ပိုးသတ်ဝတ်စုံတွေ မဝတ်မီ စနစ်တကျ လက်ဆေးရပါတယ်။ ဒါကြောင့် စနစ်တကျ လက်ဆေးတာဟာ အင်မတန် အရေးကြီးတယ်လို မှတ်ယူထားရမှာဖြစ်ပါတယ်။

#ဘယ်အချိန်တွေမှာလက်ဆေးဖို့လိုမလဲ

လက်ညစ်ပတ်ရင် လက်ဆေးရပါမယ်။ အညစ်အကြေးကိုင်တွယ်ပြီးတဲ့အခါ ၊ အိမ်သာ အသုံးပြုပြီးတဲ့အခါ ၊ မြေကြီး၊ တိရိစ္ဆာန်၊ အမှိုက်သရိုက်တွေ ကိုင်တွယ်ပြီးတဲ့အခါမှာ လက်ဆေးရပါမယ်။

အစာမစားခင်မှာ လက်ဆေးရပါမယ်။ လက်မှာပါလာတဲ့ အမှုန်အမွှားတွေ၊ ရောဂါပိုး တွေက အစာနဲ့အတူ ကပ်လျက် ပါးစပ်နဲ့ အစာလမ်းကြောင်းထဲရောက်သွားတဲ့အခါ ရောဂါတွေဖြစ်စေပါတယ်။ ဒါကြောင့် အစားမစားခင်တိုင်း လက်ဆေးရပါမယ်။

အစားအသောက်ပြင်ဆင်ချက်ပြုတ်တဲ့ အဆင့်တိုင်းမှာလည်း စနစ်တကျ လက်ဆေး ရပါမယ်။

မွေးကင်းစကလေးငယ် အပါအဝင် ကလေးပြုစု‌စောင့်ရှောက်တော့မယ်ဆိုရင်လည်း လက်ဆေးရပါမယ်။

ကလေးငယ်တွေက အရွယ်ရောက်လူတွေ မဟုတ်ကြသေးတော့ ကလေးထိန်းမယ့် အချိန်တိုင်း လက်ဆေးရပါမယ်။ နို့တိုက်မိခင်တွေ ကလေးငယ် နို့မတိုက်မီ ၊ ကလေး မကိုင်တွယ်မီ လက်ကို သန့်ရှင်းစေဖို့ လက်ကို စနစ်တကျ ဆေးရပါမယ်။

မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်နှင့် အသက်ရှုအင်္ဂါတွေကို ညစ်ပက်တဲ့ လက်နဲ့ထိမိရင် ရောဂါတွေ ရနိုင်တာကြောင့် လက်ကို မကြာခဏ ဆေးပေးရပါမယ်။

လက်ဆေးတဲ့အခါ ရေ နဲ့ ဆပ်ပြာ ကိုသုံးပြီး လက်ဆေးတာ အကောင်းဆုံးဖြစ်ပါတယ်။ ရေနဲ့ ဆပ်ပြာ မရနိုင်ဘူးဆိုရင် အရက်ပြန်ပါဝင်တဲ့ လက်ဆေးဆပ်ပြာအရည် စတာတွေကို အစားထိုးသုံးနိုင်ပါတယ်။

#မိုးရာသီနဲ့ဝမ်းပျက်ရောဂါ

မိုးရာသီမှာမကြာခဏ ဝမ်းပျက်ဝမ်းလျှော ရောဂါခံစားရတတ်ပါတယ်။ ပူ‌နွေး စိုစွတ်တဲ့ မုတ်သုန်ရာသီဥတုမှာ ရောဂါပိုးမွှားတွေ အဆမတန်ပေါက်ဖွားကြပါတယ်။ ရေကြီးရေလျှံ ဖြစ်ခြင်း၊ ယင်‌ကောင်လို အင်းဆက်ပိုးမွှားပေါများခြင်း၊ အမှည့်လွန် အသီးအနှံများ စားမိခြင်း ၊ ရာသီအကူးအပြောင်းမှာကိုယ်ခံအားနည်းခြင်း ၊ အစာအဆိပ်ဖြစ်ခြင်း တွေကြောင့် ဝမ်းဗိုက်ပြဿနာတွေ ကြုံရတတ်ပါတယ်။

ဝမ်းဗိုက်ပြဿနာကြောင့် အန်ပါက အရည်များများ ပြန်သောက်ပေးရပါမယ်။ အန်ထွက် သွားတဲ့ ပမာဏထက် ပိုများတဲ့ အရည်ကို ဝင်အောင် တိုက်ရပါမယ်။ အန်တဲ့အခါ ပါးစပ် ချဉ်ခြင်း၊ အစာ မစားချင်ခြင်း၊ အခါးအန်ခြင်းတွေ ကြုံလာပါက တိကျတဲ့ ကုသမှုခံယူဖို့ ဆရာဝန်နဲ့ စနစ်တကျတိုင်ပင်ဆွေးနွေးရပါမယ်။

ဗိုက်လေပွခြင်းက ဗိုက်တင်းပြီးမအီမသာ ဖြစ်စေပါတယ်။ အစားများသွားပြီး အစာမကြေ အသက်ရှုရခက်ခြင်းတွေ ကြုံတွေ့ရတတ်ပါတယ်။ လေအန်ခြင်းကြောင့် သက်သာသွားနိုင်ပါတယ်။

ရေကြီးရေလျှံမှုအပြီး ဝမ်းပျက်ဝမ်းလျှောရောဂါကို ကြုံတွေ့ခံစားရတတ်ပါတယ်။ ဝမ်းလျောတိုင်း ပိုးသတ်ဆေးသောက်ဖို့မလိုအပ်ပါဘူး။ အရည်ဓာတ်ပြန်ဖြည့်ဖို့အတွက် ရေ၊ ဓာတ်ဆားရည်၊ နွားနို့၊ ဒိန်ချဉ်၊ အသီးဖျော်ရည်၊ ဆန်ပြုတ်၊ စွပ်ပြုတ် ၊ မြူစွမ်ပြုတ် စတာတွေကို ပြန်‌သောက်ပြီး ရေပြန်ဖြည့်ဖို့သာ လိုအပ်ပါတယ်။ ဆရာဝန်ကကြည့်ရှုပြီး လိုအပ်မှသာ ပိုးသတ်ဆေး သောက်ရပါမယ်။

တစ်ခါတစ်လေ ပိုးသတ်ဆေးကိုယ်တိုင်က အစာအိမ်နဲ့အူလမ်းကြောင်း ပြဿနာတွေ ဖြစ်တတ်ပါတယ် သူကိုယ်တိုင်ကို ဝမ်းလျှောစေပါတယ်။

#ဝမ်းပျက်ဝမ်းလျှောအတွက်ဘာတွေဆောင်ထားသင့်လဲ

ဒါကြောင့်
-Normal Flora တွေပါတဲ့ Probiotics
-Zinc Supplement
-Folic Acid
-ORS ဓါတ်ဆားရည် တို့ကို ပဲ သောက်စေချင်ပါတယ်။ ဝမ်းပျက် ဝမ်းလျှော ရောဂါဖြစ်ရင် အရေးအကြီးဆုံးနဲ့ မရှိမဖြစ်က ဓါတ်ဆားရည်ဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်ဆားရည်ကို အမြဲလိုလို ဆောင်ထားသင့်ပါတယ်။

-ဝမ်းအမည်းရောင်သွားခြင်း
-ဝမ်းသွားစဉ် သွေးပါခြင်း
-ဝမ်းသွားခြင်းနှင့်အတူအဖျားဝင်နေမကောင်းဖြစ်ခြင်း တို့ကြုံလာပါက တတ်ကျွမ်းနား လည်တဲ့ ဆရာဝန်နဲ့တိုင်ပင် အကြံဉာဏ်ယူ ကုသရပါမယ်။

မဝေးတော့တဲ့ကာလမှာ အားလုံး ဒုက္ခကုန်ဆုံးပြီး ခွင့်တူညီမျှ ပြည်သူဘဝကို အမြန်ဆုံးရရှိနိုင်ဖို့ ဆုတောင်းမေတ္တာ ဝေမျှလိုက်ပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း#လက်ဆေးခြင်းဖြင့်ကာကွယ်နိုင်မည့်ရောဂါများ #မိုးရာသီတွင်ကြုံရတတ်သည့် ဝမ်းဗိုက်ပြဿနာ #ဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း”(ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)