ဧရာဝတီတိုင်းမ်
မေ ၂၄ ရက်
“မိုခါ“ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးများကို ပြန်လည် ကုစားရေး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီများပေးအပ်ရန် အမေရိကန် အစိုးရက အမေရိကန် ဒေါ်လာစုစုပေါင်း ၁၇သန်း နှစ်သိန်း (၁၇,၂၀၀,၀၀၀) ကို မုန်တိုင်းသင့်ဒေသရှိ အဖွဲ့အစည်းများထံ တိုက်ရိုက်ကူညီမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ ရုံးက ယနေ့ မေလ ၂၄ ရက်ရက်စွဲဖြင့် ထုတ်ပြန်သည်။
မိုခါ မုန်တိုင်းတိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ကနဦးပံ့ပိုးမှုအနေဖြင့် အမေရိကန်ဒေါ်လာ နှစ်သိန်း (၂၀၀,၀၀၀) ကို မေလ ၁၇ ရက်နေ့က ထောက်ပံ့ပေးမည်ဟု ဆိုထားပြီး ယနေ့တွင် ဒေါ်လာ ၁၇ သန်းကို ထပ်မံ ကူညီမည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအကူအညီရံပုံငွေကို မုန်တိုင်းသင့်ဒေသများတွင် ကူညီဆောင်ရွက်လျက်ရှိသည့် မိတ်ဖက်အဖွဲ့အစည်းများထံ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှ တဆင့်ပေးအပ်သွားမည်ဖြစ်ပြီး ထောက်ပံ့မှုအများဆုံးလိုအပ်နေသည့် လူ့အဖွဲ့အစည်းထံ အကူညီများအလွယ်တကူရောက်ရှိရေးသည် အရေးကြီးကြောင်း ဆိုထားသည်။
အဆိုပါထောက်ပံ့ငွေများကို အရေးပေါ်နေထိုင်ရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး အပါအဝင် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးနိုင်ရေး အတွက် အကူညီဖြစ်စေရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆိုထားသည်။
မိုခါမုန်တိုင်းဖြတ်ကျော်ဝင်ရောက်မှုကြောင့် မုန်တိုင်းဗဟိုချက်ဖြစ်သော ရခိုင်ပြည်နယ် တွင် ပျက်စီးဆုံးရှုံးမှု အများဆုံးခံစားရကာ မကွေးတိုင်းတိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်အပါအဝင် ဒေသခံပြည်သူ ၁ ဒဿမ ၆ သန်း သည် သဘာဝဘေးဒဏ်ကို ခံစားနေရပြီး လူမှုကူညီရေးအတွက် အမေရိကန်ဒေါ်လာ ၃၃၃ သန်းလိုအပ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာအကူညီပေးရေးအဖွဲ့ (UNOCHA Myanmar) က သတင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-UNOCHA
#အမေရိကန်ဒေါ်လာ၁၇သန်းနှစ်သိန်း #အမေရိကန်အစိုးရ #မုန်တိုင်းသင့်ဒေသ #အဖွဲ့အစည်းများ #တိုက်ရိုက်ကူညီမည် #Ayeyarwaddy_Times