နွေဦးမောင် /ဧရာဝတီတိုင်းမ်
(စစ်ကိုင်း)/မေလ၂၄ရက်
စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ် သရက်သာကျေးရွာနှင့် ခေါင်ခွဲကျေးရွာသို့ စစ်ကြောင်း ထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ယနေ့ မေ ၂၄ ရက်နေ့ နံနက်ပိုင်းက ကြားဖြတ်တိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား သုံး ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များထံက သိရသည်။
ယနေ့ နံနက် ၁၀ နာရီခန့်က စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ချင်းတွင်းတပ်ပေါင်းစု ၊ မြင်းခြံခရိုင် တပ်ဖွဲ့ဝင်များမှ ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ကြောင်း ကြောင်းခွဲ ပြီး ကျေးရွာတွေကိုဝင်ရောက်စီးနင်းဖို့လာတာ။ သတင်းရရခြင်း ကျွန်တော်တို့ မဟာမိတ် တပ်ပေါင်းစုတွေက ရွာအဝင်အထွက်တွေကနေ သွားစောင့်ပြီး ကြားဖြတ် လျှပ်တပြက် တိုက်ခိုက်ခဲ့တာဗျ။ သူတို့က ကျောက်ရစ်စခန်းမှာ အထိုင်ချနေတဲ့ စစ်ကြောင်းတွေပါ။ စစ်ကောင်စီတပ်သား သုံး ယောက်သေပြီး အများအပြား ဒဏ်ရာရတယ်” ဟု ချင်းတွင်းတပ်ပေါင်းစု တာဝန်ခံ ကိုဖိုးစည်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို မြင်းခြံခရိုင် တပ်ရင်း(၃) ဗိုလ်တောက်ထွန်း LPDF ပူးပေါင်းအဖွဲ့နှင့် ချင်းတွင်းတပ်ပေါင်းစု အဖွဲ့များက မိနစ် ၃၀ ကြာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အင်အားမမျှတ၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ချင်းတွင်း တပ်ပေါင်းစု တာဝန်ခံထံက သိရသည်။
စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းရှိ ကျောက်ရစ် စခန်းတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်သည့် ကျေးရွာများကို အင်အားသုံး၍ စစ်ကြောင်းထိုးဝင်ရောက်မှုများ မကြာခဏ ပြုလုပ်လျှက်ရှိနေကြောင်းသိရသည်။
#စစ်ကိုင်းတိုင်း #မြောင်မြို့နယ် #စစ်ကြောင်းထိုးဝင်ရောက် #စစ်ကောင်စီတပ် #၃ဦးသေ #Ayeyarwaddy_Times