ဧရာဝတီတိုင်းမ်
မေလ ၂၄ ရက်

ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ မှာ မေလ ၂၃ ရက်နေ့ ညပိုင်းက စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ည ၇ နာရီလောက်မှာ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်၀င်းဆိုသူကို အမည်မသိလက်နက်ကိုအဖွဲ့က လာရောက်ပစ်ခတ်သွားတာကြောင့် သေနတ်ဒဏ်ရာ ၄ ချက်နဲ့ သေဆုံးနေတာကို
တွေ့ရှိရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“သေနတ်သံတော့မကြားမိဘူး၊ အသတ်ခံရတဲ့နေရာက အမှတ်(၁)ရပ်ကွက် ဆည်ရေပေးတဲမြောင်းထဲမှာ လူတစ်ယောက်လဲနေတယ်လို့သွားကြည့်တာ အုပ်ကြီးဦးကျော်၀င်းဖြစ်နေတာ။ သေနတ်ဒဏ်ရာတွေနဲ့ ဆိုတော့ နောက်ပြီးမှ ရဲတွေ စစ်သားတွေရောက်လာပြီးစစ်ဆေးကြတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်အရ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း ဝဲနံစောင်းအောက်၊ ဝဲချိုင်းအောက်နဲ့ ယာချိုင်းအောက် ကျည်ဖောက်ဝင်ဒဏ်ရာတွေ
ရရှိသေဆုံးခဲ့တာဖြစ်ပြီး သေဆုံးတဲ့နားမှာ ကျည် အကောင်း ၁ တောင့်၊ ကျည်ခွံ ၃ ခုတို့တွေ့ရှိရတယ်လို့ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်၀င်း အသတ်ခံရမှုနဲ့ပတ်တ်ပြီး အင်္ဂပူမြို့နယ်အတွင်းလှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့အစည်းများဘက်က သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

ဧရာ၀တီတိုင်းမှာ ၂၀၂၃ ခုနှစ်မတ်လမှာ ယခင်ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို တာ၀န်ကရုတ်သိမ်းပြီး ကြံခိုင်ရေးပါတီဝင်နဲ့ စစ်တပ်ထောက်ခံသူများနဲ့
အစားထိုးခဲ့ပြီး ယနေ့ထိ အသစ်ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး သုံးလအတွင်းမှာ သေဆုံးသူ ၄ ဦးထိရှိလာပြီဖြစ်ပါတယ်။

#မဲဇလီကုန်း #စစ်ကောင်စီခန့် #အမှတ်၃ရပ်ကွက်အုပ်ချုပ်ရေးမှူး #သေနတ်ဒဏ်ရာ၄ချက်နဲ့သေဆုံး
#Ayeyarwaddy_Times