ဧရာဝတီတိုင်းမ်
မေလ ၂၄ ရက်
အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအတွင်းစတင်ဝင်ရောက်နေပြီဖြစ်သော်လည်း အယ်လ်နီညိုဖြစ်စဉ်ကြောင့်အပူချိန်မြင့်ကာ ယခုနှစ်မိုးရာသီတွင်မုတ်သုံမိုးရရှိမှုလျော့နည်းမည်ဖြစ်ကြောင်း ယမန်နေ့က လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။
အနောက်တောင်မုတ်သုံလေသည် မြစ်ဝကျွန်းပေါ်ဒေသများသို့ မေ ၂၄ ရက်မှ ၂၅ ရက်နေ့တွင်ဝင်ရောက်နိုင်မည်ဖြစ်ပြီး နိုင်ငံအတွင်းအယ်လ်နီညိုသက်ရောက်မှုကြောင့်မိုး ရရှိမှုနည်းပါးမည်ဖြစ်ကြောင်း သိရသည်။
အယ်လ်နီညိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံအပါအဝင် အာရှတိုက်ဒေသအတွင်း ယခုနှစ်မိုးရာသီအပေါ်ကြီးမားသော သက်ရောက်မှုဖြစ်နိုင်သဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ခရီးသွားလာရေးနှင့် ရေသယံဇာတထုတ်ယူသုံးစွဲရေးတွင် အခက်အခဲများဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထုတ်ပြန်လိုက်သည်။
“ တစ်နိုင်ငံလုံးခြုံပြောလို့မရလောက်ဘူး။ရာသီဥတုကိုအချိန်နဲ့အညီမကြေငြာနိုင်တော့ မိုးမရလို့ အပင်ပေါက်တွေဆုံးရှုံးတယ်။ ထပ်တိုးပျိုးချထားတဲ့ အပင်ပေါက်ကထွက်မလာတော့လို့ ဆုံးရှုံးများ နေရပါတယ်။ မိုးဦးကျရင်တော့ မိုးအခြေအနေပေါ်မူတည်ပြီး ထပ်ပြောလို့ရပါမယ် ” မကွေးတိုင်းအလယ်ပိုင်းမှ ပဲတီစိမ်းတောင်သူ တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
အယ်လ်နီညိုသည် ပူပြင်းခြောက်သွေ့သောရာသီဥတုဖြစ်ပေါ်စေပြီး အကျိုးဆက်အနေဖြင့်အပူချိန်မြင့်တက်ခြင်း ကိုခံစားရမည်ဖြစ်ကာ မိုးရေရရှိမှုနည်းပါးခြင်း၊ သောက်သုံးရေရှားပါးမှုများကြုံတွေ့ရမည်ဖြစ်ကြောင်းသိရသည်။
” မိုခါကြောင့်ရွာတဲ့ မိုးနဲ့ စိုက်ကြဖို့ လုပ်နေတာပါပဲ။ နောက်ဆက်တွဲ ဘာတွေ ဆက်ဖြစ်မယ်ဆိုတာတော့ မပြောနိုင်သေးဘူး။ ဓာတ်မြေဩဇာစျေး ၊ ပိုးသတ်ဆေး၊ စက်သုံးဆီစျေး အားလုံးတက်နေကြတဲ့ အချိန် ရာသီဥတုကပါ ဖောက်ပြန်တော့ တောင်သူလယ်သမားတွေရဲ့ ဘဝက ခေါင်းတောင်မထူနိုင်တော့ပါဘူး” ဟု ဧရာဝတီတိုင်းက လယ်သမားတစ်ဦးက ပြောသည်။
အယ်လ်နီညိုသက်ရောက်မှုကြောင့် အပူချိန်မြင့်မားနိုင်ချိန်တွင် စိုက်ပျိုးရေးလုပ်ငန်းများမထိခိုက်စေရန် တာဝန် ယူမည်သူမရှိပေ။
၂၀၂၃ ခုနှစ် မေလတွင် အယ်လ်နီညိုဖြစ်စဉ် ၄၀ ရာခိုင်နှုန်းရှိရာ ဇူလိုင်လတွင် ၉၀ ရာခိုင်နှုန်းအထိမြင့်တက်နိုင်မည်ဖြစ်ကြောင်း လူသားချင်း စာနထောက်ထား ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ရာသီဥတုဖောက်ပြန် #မုတ်သုန်မိုးရရှိမှုလျော့နည်း #အယ်လ်နီညို #စိုက်ပျိုးရေး #Ayeyarwaddy_Times