ဧရာဝတီတိုင်းမ်
(ပေါင်)၊ မေလ ၂၃ ရက်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖလပ်ကျေးရွာအနီးတွင် လောင်းကစားဝိုင်းမှ နေအိမ်သို့ပြန်လာသည့် လင်မယား နှစ်ဦးမှာ ယမန်နေ့ မေလ ၂၂ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်တွင် အသတ်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာ၊ မွန်စုပိုင်းတွင်နေထိုင်သည့် စစ်ကောင်စီသတင်းပေးဆိုသူ ဦးမြင့်လွင်နှင့် ဒေါ်ခင်သီတာထွန်းတို့ လင်မယား နှစ်ဦးမှာ လောင်းကစားဝိုင်းမှ ပြန်လာစဉ် သေနတ်ဖြင့်ပစ်သတ်ခံရခြင်းဖြစ်ပြီး ပေါင်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ထားကြောင်း သိရသည်။
“ညကမိုးတွေလဲရွာနေတာ။ ရပ်ကွက်ထဲမှာပြောနေကြတာတော့ သူတို့လင်မယားက လောင်းကစားဝိုင်းကပြန်လာတာ။ ပိုက်ဆံတွေလဲပါလာတယ်ပြောတယ်။ ပိုက်ဆံလိုချင်လို့သတ်သွားတယ်လဲပြောနေကြတယ်။ ညဘက်ကြီး ဘယ်သူမှလဲမမြင်လိုက်တော့ မသိကြဘူး။ ရပ်ကွက်ထဲမှာတော့ စစ်ကောင်စီနဲ့ပေါင်းတယ်ဆိုပြီး နံမည်ကြီးတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ အသတ်ခံရသူလင်မယားမှာ စစ်ကောင်စီလက်အောက်ခံများနှင့်ပေါင်းသင်းလေ့ရှိပြီး ၎င်းတို့ သတင်းပေး တိုင်ကြားမှုကြောင့် ဖမ်းဆီးခံရသူများလည်းရှိသည်ဟု ဒေသခံများကပြောသည်။
ပေါင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့များ၊ အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးအဖွဲ့ဝင်များ မကြာခနတိုက်ခိုက်ခံရလေ့ရှိပြီး မေလ ၁ ရက်နေ့ကလည်း ပြည်သူ့စစ်ခေါင်းဆောင်နှင့်၎င်း၏တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ဒဏ်ရာရခဲ့ကြောင်းလည်း S.O.F အဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – အခင်းဖြစ်ပွားရာနေရာ(Paung Daily)။
#ပေါင်မြို့နယ် #သတ်ခံရ #သတင်းပေး #စစ်ကောင်စီ #Ayeyarwaddy_Times