ဧရာဝတီတိုင်းမ်
မေလ ၂၀ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က မြို့နယ် လဝက ဒုဦးစီးမှူးကို မေလ ၁၃ ရက်နေ့က ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆိပ်မူကျေးရွာက ဟိုတယ်တစ်ခုကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းပြီး PDF နှစ်ဦးကို ပစ်သတ် ခဲ့သလို PDF တပ်ဖွဲ့ဝင်တချို့နဲ့ လဝက ဒုဦးစီးမှူးကိုပါ ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ သူတို့အချင်းချင်းပြန်ဖမ်းသလိုဖြစ်တာပေါ့၊ ဝင်စီးတော့ PDF ၂ ဦးက နေရာမှာတင်ကျသွားတာ၊ အားလုံး အဖမ်းခံရတာ ၁၀ ဦးလောက်ရှိမယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဟိုတယ်မှာ စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းချိန်မှာ ဖမ်းဆီးခံခဲ့ရတဲ့ မြို့နယ် လဝက ဒုဦးစီးမှူးဟာ ဝိကျော်တာ ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ဖားကန့်ဖြစ်စဉ်မှာ PDF တပ်ဖွဲ့ဝင် ၈ ဦး၊ KIA တပ်ဖွဲ့ဝင် ၂ ဦးနဲ့ လဝက ဒုဦးစီးမှူး တို့ကို ဖမ်းဆီးခဲ့တာ မှန်ကန်ကြောင်း သတင်းတွေထုတ်ပြန်ထားပါတယ်။

#ဖားကန့် #လဝကဒုဦးစီးမှူးကို #စစ်ကောင်စီတပ်ပြန်လည်ဖမ်းဆီး #Ayeyarwaddy_Times