ဧရာ၀တီတိုင်းမ်
မေ ၁၉ ရက်

ပဲခူးတိုင်း၊ တောင်ငူအကျဉ်းထောင်မှနေ၍ လက်နက်များနှင့်အတူ ထွက်ပြေးခဲ့သည့် အကျဉ်းသားများ သေနတ် လေးလက်နှင့်အတူ တော်လှန်ရေးတပ်ဖွဲ့များထံ ရောက်ရှိနေပြီဖြစ်ကြောင်း မြေပြင်ရှိတပ်ဖွဲ့နှင့် နီးစပ်သူထံက သိရသည်။

ယမန်နေ့ မေ ၁၈ ရက် ညနေ ၃ နာရီခန့်က တောင်ငူထောင်မှ အကျဉ်းသားများကို ထောင်တွင်းအထူးတရားရုံးထုတ်စဉ် အချုပ်ခန်းတံခါးအား ခြေဖြင့်ကန်၍ တိုးထွက်ပြီး တာ၀န်ကျ နယ်‌မြေရဲစခန်း တောင်ငူရဲစခန်းအမှတ်-၂ (နမစ-၂) မှ ဒုရဲအုပ်‌ထံက သေနတ်လု၍ ထွက်ပြေးစဉ် လိုက်လံဖမ်းဆီးသည့် စစ်ကောင်စီတပ်သားများ ကိုပြန်လည် ပစ်ခတ်ရာ ထောင်တပ်ကြပ်တစ်ဦးသေဆုံးခဲ့သည်။

“ကျွန်တော်တို့ဆီ ညဘက်ရောက်လာကြတာ။ အားလုံး ကိုး ယောက်ပါ။ ပြေးဖို့ လုပ်ကြတာ အထဲမှာကျန်ခဲ့တဲ့သူ တွေလည်းရှိတယ်။ သေတယ်ဆိုတာက ပြေးရင်း သေတာတော့မဟုတ်ဘူး။ သေချာတော့မသိရသေးဘူး။ သူတို့ယူလာတဲ့ သေနတ်‌ ‌လေး လက်လုံးပါလာတယ်”ဟု မြေပြင်ရှိတပ်ဖွဲ့နှင့် နီးစပ်သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ တောင်ငူအကျဉ်းထောင်တွင် အင်အားလျော့နည်းနေသည့်အတွက် အစောင့်များ ကို စစ်မှုထမ်းဟောင်းများဖြင့် တာ၀န်ပေးလုံခြုံ‌ရေးချထားခြင်းဖြစ်ပြီး လက်ရှိတွင်လည်း စစ်မှုထမ်းဟောင်းများဖြင့်သာ လုံခြုံရေးတိုး မြှင့်ထားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီ၏သတင်းများကို ဝါဒဖြန့်လျက်ရှိသည့် မီဒီယာများတွင်မူ ထွက်ပြေး သူ ၁၀ ဦးအနက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အရေးယူ ခံထားရသည့် ၄၉ (က)/ ၅၀ (က)/ ၅၀ (ည)/ ၅၁ (ဂ)/ ၅၂ (က) အမှုမှ တရားခံများဖြစ်သည့် သန့်ဇင်၊ အောင်ကျော်ဦးနှင့် ဗေဒါ (ခ) ဘုန်းညွန့်ဇော် တို့မှာ ထွက်ပြေးလွတ်မြောက် သွားခဲ့ကြောင်းနှင့် တရားခံ ချစ်မင်းသူ၊ ဇင်ကိုကိုအောင်၊ သီဟအောင်၊ ငြိမ်းချမ်းအောင်၊ တိုးနိုင်ထွန်း၊ စည်သူသန်းအေး၊ ခင်မျိုးကြည်တို့ ခုနစ် ဦးကို ပြန်လည်ဖမ်းမိခဲ့ပြီး လွတ်မြောက်တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း ဖော်ပြ ထားသည်။

ပုံစာ-တောင်ငူအကျဉ်းထောင်
#ပဲခူး #တောင်ငူထောင် #အကျဉ်းသားများ #လွတ်မြောက် #လက်နက်၄လက် #ရရှိ #Ayeyarwaddy_Times