ဧရာဝတီတိုင်းမ်
မေလ ၁၉ ရက်
မုန်တိုင်းဘေးအန္တရာယ်ကြီးများ ကျရောက်ပြီးတိုင်း စစ်ခေါင်းဆောင်များ အနားယူသွားရသည့် ဖြစ်စဉ်များ ကြောင့် စစ်ခေါင်ဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယတြာချေမှုများ အသည်းအသန်ပြုလုပ် နေကြောင်း သိရသည်။
စစ်ခေါင်းဆောင်သည် ၎င်း၏အာဏာသက်တမ်းရှည်စေရန်အတွက် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့၀င်ရောက်မည့် ဖျက်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကိုပင် ဂရုမပြုအားဘဲ ဗေဒင်ယတြာချေခြင်းများ ပြုလုပ်ခဲ့ကြောင်း နေပြည်တော်ရှိတပ်တွင်းသတင်းရင်းမြစ်ထံမှ သိရ သည်။
“သူ့ရဲ့ အခါတော်ပေးတွေ၊ ဗေဒင်ဆရာ၊ ဆရာမတွေ မနည်းဘူး။ မုန်တိုင်းမ၀င်ခင်မှာကတည်းက ယတြာ ချေနေတာ။ မုန်တိုင်းမ၀င်အောင်လည်း နည်းအမျိူးမျိုးနဲ့ အဘက်ဘက်ကတားတာရှိ တယ်။ သတင်းတွေမှာတက်ခဲ့သလို နဂါးစာကျွေးတာကအစပေါ့။ သူ့ရှေ့မှာလည်း အာဏာအလွှဲအပြောင်း ဖြစ်ခဲ့တာတွေလည်းရှိတော့ မဖြစ်အောင်ယတြာတွေ ချေ၊ အဓိဋ္ဌာန်တွေ၀င်လုပ်နေတာ”ဟု တပ်တွင်းသတင်းရင်းမြစ်မှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မေလအတွင်း စစ်တပ်မှအကြီးအကဲ ထိပ်ပိုင်းခေါင်း ဆောင်များ အပြောင်းအလဲရှိသည်ဆိုသည့် ဟော ကြားချက်များကြောင့် ယခုကဲ့သို့ ယတြာချေခြင်း၊ ဘုရားထီးတင်သည့်ကိစ္စရပ်များကို မနားမနေလိုက်လံလုပ် ဆောင်နေခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်အတွက် ဗေဒင်ယတြာပြုလုပ်ပေးနေသည့် ဆရာမနှင့်နီးစပ်သူ ထံမှ သိရသည်။
” အဲဒီဗေဒင်ဆရာမက စစ်တပ်ကလူကြီးဆိုသူတွေကို ယတြာကိစ္စဓာတ်ရိုက် ဓာတ်ဆင်ကိစ္စတွေလုပ်ပေးရတာ။ ခေတ်မကောင်းတဲ့ အချိန်မှာတောင် ခြံတွေ ၀ယ်အိမ်တွေတစ်လုံးပြီး တစ်လုံးဆောက်နေတာ။ ရက်ဆိုးနေ့ဆိုးတွေကိုပဲရှာတွက်ချက်ရလို့လားမသိဘူး။ သူ့အိမ်စဆောက်တာတောင် ပြဿဒါးရက်ကိုရွေးဆောက်တာ။ သူကမင်းအောင်လှိုင်ကို တွက်ချက် ပေးရတာလို့ သိရတယ်”ဟု စစ်ခေါင်းဆောင် ၏ ဗေဒင်ဆရာမအကြောင်း ကို သိသူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည့် မုန်တိုင်းတိုက် ခတ်မည့် တစ်ရက်အလို မတ်လ ၁၃ ရက်နေ့တွင် ရှမ်း ပြည်နယ် ကျိုင်းတုံရှိ ဗုဒ္ဓဂယာပုံစံတူစေတီတွင်ဘုရား ထီးတင်ခြင်း ဌာပနာ ထည့်သွင်းခြင်းများ ပြုလုပ်ခဲ့သည်။
အလားတူ မုန်တိုင်းတိုက်ခတ်ပြီးနောက်၂၀၂၀ ခုနှစ်က စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထီးတော်တင်လှူဒါန်းခဲ့သည့် ပုဂံမြို့ရှိ ထီးလိုမင်းလို ဘုရားမှာ ပျက်စီးမှုများရှိခဲ့သည့်အတွက် သွားရောက် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါဘုရားကို ထီးတင်ယတြာပြုလုပ်ပြီးနောက် စစ်တပ်နှင့်ရဲ အစောင့်အကြပ်များ ယနေ့အထိချထားသည်။
Photo-မုန်တိုင်းတိုက်ခတ်ပြီးနောက် ပုဂံဘုရားများကို လိုက်လံကြည့်ရှုစစ်ဆေးနေစဉ်နှင့် ထီးတော်တင် ယတြာချေနေစဉ်
#စစ်ကောင်စီ #ဗိုလ်ချုပ်မှူးကြီး #မင်းအောင်လှိုင် #ယတြာချေ #Ayeyarwaddy_Times —