ဧရာဝတီတိုင်းမ်
(မတူပီ)၊ မေလ ၁၉ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် မေလ ၁၄ ရက်နေ့ ညပိုင်းက တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် စစ်ဘေးရှောင် ပြည်သူများ၏ နေအိမ်ပေါင်း ၁၀၀ ကျော်ပျက်စီးခဲ့ပြီး ပြန်လည်ပြုပြင်ပေးမည့် သူမရှိကြောင်းသိရသည်။
မတူပီမြို့နယ်၊ ငလိုင်ကျေးရွာ၊ လုံလှော၊ ကီလှုမ်းရွာ၊ ကစဲ၊ သီပေါရွာ၊ ဘွေထီယားရွာနှင့် ဘနိုင်ရွာတို့မှ ဒေသခံများသည် နိုင်ငံရေးအခြေအနေများကြောင့် ၂၀၂၂ခုနှစ် ဇန်နဝါရီလမှ စတင်၍ မီဇိုးရမ်ပြည်နယ်ဘက်သို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်ရှောင်ခဲ့ရကြောင်း ဒေသခံ များထံက သိရသည်။
“ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည်ပြုပြင်ဖို့အတွက် နေရပ်ကို ပြန်ချင်ပေမယ့် မီဇိုးရမ်ပြည်နယ်ဘက်က နယ်စပ်လမ်းကြောင်းတွေကို အကန့်အသတ်မရှိ ပိတ်ပင်လိုက်တာကြောင့် အခက်ကြုံနေရတယ်။ ပြီးတော့ ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည်ပြုပြင်ဖို့အတွက် လိုအပ်တဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေမရှိဘူး။ မပြင်ဘဲ ပစ်ထားမယ်ဆိုရင် ကျွန်တော်တို့ရွာကို ပြန်လာတဲ့အခါ နေဖို့ အိမ်ရှိမှာ မဟုတ်ဘူး” ဟု ငလိုင်ကျေးရွာခံစစ်ဘေးရှောင်အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မတူပီမြို့နယ်ရှိ ကျေးရွာတချို့တွင် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြန်လည်ပြုပြင်နေသော်လည်း ဆောက်လုပ်ရေးပစ္စည်းများ အရေးပေါ် လိုအပ်လျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။
အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်တွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်စခန်း အများအပြား ပျက်စီးခဲ့ပြီး စစ်ရှောင်ပြည်သူများ၏ နေရပ်ဇာတိရှိ နေအိမ်များလည်း မုန်တိုင်းကြောင့် ပျက်စီးခဲ့၍ အခက်အခဲများ ကြုံတွေ့နေရကြောင်း စစ်ရှောင် ပြည်သူများထံက သိရသည်။
ပုံစာ-ချင်းပြည်နယ်တွင် မိုခါကြောင့် ပျက်စီးသွားသော နေအိမ်များကိုတွေ့ရစဉ်
#ချင်းပြည်နယ် #မတူပီ #မိုခါမုန်တိုင်း #စစ်ဘေးရှောင်ပြည်သူ #နေအိမ်များပျက်စီး #ပြုပြင်မည့်သူမရှိ #Ayeyarwaddy_Times