
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၃ ရက်
ထိုင်းနိုင်ငံက မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီ ပေးပို့မှုကို ခွင့်ပြု သင့်ပြီး အသက်အန္တရာယ်နဲ့ လွတ်လပ်မှုအတွက် ခြိမ်းခြောက်မှုရှိနေတဲ့တိုင်းပြည်မှ ခိုလှုံခွင့်ရရှိရေး ကြိုးပမ်းနေတဲ့ ပြည်သူတွေကို ပြန်မပို့သင့်ဘူးလို့ အမေရိကန်နိုင်ငံအခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုက ပြောပါ တယ်။
ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ထောင်ချီတဲ့ မြန်မာ ပြည်သူတွေဟာ ပဋိပက္ခကြောင့် မိုင် ၁၅၀၀ ရှည်တဲ့ နယ်စပ်တွေကတစ်ဆင့် ထိုင်းနိုင်ငံကို ဝင်ရောက်ခဲ့ပါတယ်။
အာဏာသိမ်းစစ်အုပ်စုက ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့ပြီး အကူအညီလိုအပ်နေတဲ့ဒေသတွေ ကို အကူအညီမပေးနိုင်အောင် နိုင်ငံတကာ လူသားချင်းစာနာမှုအဖွဲ့တွေကို ပိတ်ပင်ခဲ့တယ်လို့ ဝါရှင်တန်မြို့တော် အခြေစိုက် Refugees International က ယနေ့ အစီရင်ခံစာတစ်ခုအတွင်း ပြောကြားပါတယ်။
ထိုင်း-မြန်မာနယ်စပ်တစ်လျောက် လှုပ်ရှားနေတဲ့ ဒေသန္တရအဖွဲ့တွေကတစ်ဆင့် နိုင်ငံတကာအကူအညီ ပေးအပ်ရေးဟာ လိုအပ်သူတွေထံ အကူအညီရောက်ရှိဖို့ လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်လို့ အစီရင်ခံစာက ဆိုပါ တယ်။
မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှု အဆုံးသတ်ဖို့နဲ့ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန် လျှောက်လှမ်းရေး အာဆီယံနဲ့တရုတ်က အာဏာသိမ်းစစ်ကောင်စီကို ဖိအားပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန် ကြီး အန်တိုနီဘလင်ကန်က ဗန်ကောက်ခရီးစဉ်အတွင်း တိုက်တွန်းပြီး နှစ်ရက်အကြာမှာ ဒီအစီရင်ခံစာ ထုတ်ပြန် လိုက်တာပါ။
“ထိုင်းအာဏာပိုင်တွေက မဖိနှိပ်ရေး ကတိကဝတ်ကို စောင့်ထိန်းရမှာဖြစ်ပြီး အန္တရာယ်မကင်းမီ မြန်မာ နိုင်ငံက အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာတဲ့ပြည်သူတွေ နေရပ်ပြန်ရေး ဖိအားပေးခြင်း ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်” လို့ Refugees International က ပြောပါတယ်။
အာဆီယံနဲ့မြန်မာကြား ဆက်ဆံရေးမှာ အခရာအကျဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံက အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီ ယံကို အုပ်စုနှစ်စုကွဲစေခဲ့တဲ့ အာဏာသိမ်းမှုအလွန် အကျပ်အတည်းနဲ့ပတ်သက်ပြီး သဘောထားပျော့ပြောင်းမှု ကြောင့် ဝေဖန်ခံခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ ဇွန်လ ၂၀ ရက်အထိ ပြည်သူ ၁ ဒသမ ၁ သန်းခန့် အိုးအိမ်စွန့်ခွာခဲ့ရပြီး ပဋိပက္ခကြောင့် လူ ဦးရေရဲ့ လေးပုံတစ်ပုံဖြစ်တဲ့ ၁၄ ဒသမ ၄ သန်းဟာ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ထိုင်းနိုင်ငံက နယ်စပ်ဖြတ်ကျော် အကူအညီပေးမှုတွေကို ကန့်သတ်ခဲ့ပြီး စစ်ကောင်စီ အဓိက လမ်းမကြီး တွေကို ထိန်းချုပ်ကာ အကူအညီတွေကို ဖျက်ဆီးခြင်း၊ ကယ်ဆယ်ရေးလုပ်သားတွေကို တိုက်ခိုက်ခြင်းတို့ ပြုလုပ် နေတယ်လို့ Refugees International က ပြောပါတယ်။
နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးအတွက် ထိုင်းအစိုးရရဲ့ အဓိကစိန်ခေါ်မှုတစ်ခုမှာ စစ်ကောင်စီနဲ့ ဆက်ဆံရေးမပျက်စေလိုတဲ့ စိုးရိမ်မှုဖြစ်ပြီး တာဝန်ရှိသူတွေက နယ်စပ်ဖြတ်ကျော် အကူအညီကို တရားဝင် ငြင်း ပယ်ခြင်းဖြင့် စီးပွားရေးနဲ့ လုံခြုံရေးအကျိုးစီးပွားတွေကို ထိန်းညှိဖို့ကြိုးစားနေတယ်လို့ Refugees International က ဆိုပါတယ်။
ကိုးကား – RFA
Ref; Refugees International: Thailand should allow delivery of humanitarian aid to Myanmar