ဧရာဝတီတိုင်းမ်
(ကနီ)၊ မေလ ၁၅ ရက်

မိုခါ မုန်တိုင်း ဝင်ရောက် တိုက်ခတ်နေချိန် အတွင်း စစ်ကောင်စီ တပ်က စစ်ကြောင်းထိုးလာမှု‌ကြောင့် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းမှစပြီး တိမ်းရှောင်နေရသော စစ်ကိုင်းတိုင်း ကနီမြို့နယ်မှ စစ်ဘေးရှောင် တချို့ ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေကြောင်း သိရသည်။

ထိုသို့ စစ်ကြောင်း ထိုးမှုကြောင့် ကနီမြို့နယ် ကျေးရွာများမှ ဒေသခံ ၁၅၀၀၀ ဝန်းကျင်မှာ မိုးရေထဲ ရှောင်တိမ်းခဲ့ရ၍ ဆေးဝါး၊ စားရေရိက္ခာ နှင့် အဝတ်အထည်များ အရေးပေါ်လိုအပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

“အခုချိန်ထိတော့ ဒီဘက်မှာက မိုးရွာနေတယ်။ လေတိုက်တာတော့ မရှိသေးဘူး။ စစ်ဘေးရှောင်က များတော့ အရမ်းကို ဒုက္ခရောက်နေတယ်ဗျ။ မိုးရွာထဲ ပြေးနေရတော့ လူကြီးတွေက ဖျားနေကြတယ်။ စစ်ကြောင်းလွတ်တဲ့ အခြား ကျေးရွာတွေမှာ ရှောင်ပြေးနေရတယ်။ စစ်ကြောင်းကတော့ အခုချိန်ထိ မင်းမရွာမှာ ရှိနေတယ်”ဟု ကျောက်လုံးကြီး (KLG) PDF တာဝန်ရှိသူ တဦးက ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

ယခုအခါတွင် မိုခါ မုန်တိုင်းမှာ စစ်ကိုင်းတိုင်းမှ ကချင်ပြည်နယ် ဘက်သို့ ရွေ့လျား ဝင်ရောက်ခဲ့ပြီးနောက် မုန်းတိုင်းငယ် အရှိန်ကြောင့်၂၄ နာရီအတွင်း စစ်ကိုင်းတိုင်း၌ နေရာအနှံ့ မိုးကြီးနိုင်ကြောင်းလည်း စစ်ကောင်စီ လက်အောက်ခံ မိုး/ဇလ ဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။

ယင်းမာပင်မြို့နယ်မှ စတင် စစ်ကြောင်းထိုးလာသော အဆိုပါ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းမှာ မေလ ၁၂ ရက်နေ့မှ စတင် စစ်ကြောင်း ထိုးခဲ့ပြီး ကနီမြို့နယ် အတွင်း ရောက်ရှိလာကာ လမ်းတလျှောက်တွင်လည်း အသက် မပြည့်‌သေးသည့် ကလေးငယ် ၂ ဦး အပါအဝင် ဒေသခံ ၆ ဦးအား သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်ဘေး ရှောင်နေရသည့် ရွာများမှာ တွင်းရွာ၊ လယ်ရှည်ရွာ၊ ချောင်းမရွာ၊ သင့်ဝင်ရွာ၊ မင်းမရွာ၊ သမင်ခြံရွာ၊ မုဋ္ဌောရွာ၊ ငါးဖျက်ရွာ၊ ပန်းဆိုင်းရွာ၊ တဇယ်ချောင်ရွာ၊ ညောင်ပင်ဝန်းရွာ၊ ယက္ကန်းတိုင်ရွာ၊ ကျွဲသောက်ရွာ နှင့် ကန်ဝါးတန်းရွာများ ဖြစ်ကြောင်းလည်း KLG PDF ထံမှ သိရသည်။
#မိုခါ #စစ်ကောင်စီ #စစ်ဘေးရှောင် #ကျန်းမာရေး
#Ayeyarwaddy_Times