နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မြဝတီ)/မေလ၁၅ရက်
မြန်မာနိုင်ငံသို့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်၍ ပြည်သူများ စိုးရိမ်နေချိန်တွင် ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်း ကျေးရွာအနီးရှိ ကော့ကရိတ်-အာရှ လမ်းမကြီးကိုဆက်သွယ်ထားသည့် ကွန်ကရစ်လမ်းများနှင့် ကတ္တရာလမ်းများကို ယမန်နေ့ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က စက်ယန္တရားများအသုံးပြု၍ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
စစ်ဆင်ရေးကွပ်ကဲမှု့ဌာနချုပ်၊ ခလရ(၃၄၃) ဒုတပ်ရင်းမှုး ဦးဆောင်သည့် စစ်ကောင်စီ တပ်သည် ယမန်နေ့ နံနက်ပိုင်းက လမ်းပိုင်းများကို စက်ယန္တရားများဖြင့် ထိုးကော်၍ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“တောင်ကြာအင်း ကျေးရွာနားက အာရှလမ်းမကြီးနဲ့ဆက်သွယ်ထားတဲ့လမ်းတွေနဲ့ ပြည်သူတွေ အဓိက အသုံးပြုနေတဲ့ ကွန်ကရစ် လမ်းတွေကိုပါ ဖျက်နေတာ။ ကားတွေ ဆိုင်ကယ်တွေ သွားလို့မရအောင်ကို တူးပစ်လိုက်တာ။ လုံခြုံရေးအပြည့်နဲ့ ကို လုပ်နေတာ။ ဘယ်သူကမှလည်း သွားရောက်ပြောဆိုတာမတွေ့ရဘူး။ အခုလိုလုပ်တာက အရေးအကြောင်းဆို ပြည်သူတွေ ထွက်ပေါက်မရှိအောင် လုပ်တာ ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အင်အားစုများ နှင့် စစ်ကောင်စီတပ် ၊ BGF ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သည့် မေလ ၁၃ရက်နေ့ကတည်းက ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုက်မှုများ ရှိကြောင်း သတင်းရင်းမြစ်များထံက သိရသည်။
ပုံစာ-တောင်ကြာအင်း ကျေးရွာအနီးရှိ ကော့ကရိတ်-အာရှ လမ်းမကြီးကိုဆက်သွယ်ထားသည့်ကတ္တရာလမ်းများဖျက်ဆီးထားသည်ကို မေလ ၁၄ ရက်နေ့က တွေ့ရစဉ်
#ကရင်ပြည်နယ် #ကော့ကရိတ်မြို့နယ် #တောင်ကြာအင်းကျေးရွာ #စစ်ကောင်စီတပ် #ကော့ကရိတ်အာရှလမ်းမကြီး #ဖျက်ဆီး #Ayeyarwaddy_Times