ဧရာဝတီတိုင်းမ်
မေလ ၁၂ ရက်

မေလ ၁၃ ရက်နေ့တွင် စစ်တွေသို့ စတင်ဝင်ရောက်မည့် မိုချာ ဆိုင်ကလုန်း မုန်တိုင်းကြောင့် စစ်တွေမြို့ပေါ်ရှိ စားသောက်ဆိုင်ကြီးများနှင့် မြို့မဈေးကြီးရှိ ဈေးဆိုင်များကို ယနေ့ မေလ ၁၂ရက်နေ့ မှစတင်၍ ပိတ်ပင်ထားပြီ ဖြစ်ကြောင်း သိရသည်။

စစ်တွေဟိုတယ်အပါအဝင် စစ်တွေကမ်းခြေရှိ အဆင့်မြင့်စားသောက်ဆိုင်ကြီးများနှင့် ကမ်းနားလမ်းတစ်လျှောက်ရှိ ဈေးဆိုင်များအားလုံးကို ယနေ့မှ စတင်၍ ပိတ်ထားခြင်း ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်များ၏ပြောကြား ချက်အရ သိရသည်။

“ကျွန်မတို့က ကမ်းခြေအနီးမှာရောင်းနေတာဆိုတော့ ဆက်ရောင်းနေလို့် မသင့်တော်ဘူး။ အန္တရာယ်များတယ်။ ပြီးတော့ ဆိုင်ကြီးတွေတောင် ဒီနေ့စပိတ်ပြီမို့ ကျွန်မတို့လည်း ဒီနေ့ကစပြီး မဖွင့်တော့ပါဘူး” ဟု စစ်တွေကမ်းခြေအနီး၌ ဈေးဆိုင်ရောင်းချနေသည့် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် စစ်တွေမြို့မဈေးကြီး၌ စားသောက်ကုန်ဆိုင်များမှလွဲ၍ တခြား ဈေးဆိုင်များမှာ ယနေ့စတင်ပိတ်ထားကြပြီး စားသောက်ကုန်ဆိုင်များတွင် ဈေးဝယ်သူ အများအပြား ရှိနေသေး၍ ခေတ္တဖွင့်လှစ်ပေးထားကြောင်း သိရသည်။

“ကျွန်တော် တို့အထည်ဆိုင်တွေကတော့ ပိတ်ထားပါပြီ။ ဒါပေမယ့် စားကုန်ဆိုင် တွေကတော့ ဈေးဝယ်သူတွေ အရမ်းများနေတဲ့အတွက် ရောင်းပေး တာတွေ့ရတယ်။ မုန်တိုင်းအတွက် ရိက္ခာစုကြတာထင်တယ်။ ဈေးဝယ်သူတွေက ပြေးလိုက်လွှားလိုက်နဲ့ အလုအယက်ဝယ်နေကြတယ်။ ပစ္စည်းအချို့က အဝယ်များလို့ပြတ်ပြီး ဈေးတွေ တက်နေတယ် ” ဟု ၎င်းကဆိုသည်။

စစ်တွေမြို့တွင်ပေါ်ဆန်မွှေးဆန်တစ်အိတ်ကို ၁၂၀,၀၀၀ ကျပ်နှင့်ဆန်ချေ(ဆန်ကြမ်း) အမျိုးအစားတစ်အိတ်ကို ၉၄,၀၀၀ ကျပ်အထိဈေးမြင့်တက်နေပြီး အခြားသောစားသုံး ကုန်ပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာလည်း မြင့်တက်လျှက်ရှိနေသည်။

ပြည်နယ်စစ်ကောင်စီအဖွဲ့ကလည်း ယနေ့ နံနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတန်းဒေသများသို့ မုန်တိုင်း မဝင်ရောက် နိုင်ရန်အတွက် စစ်တွေကမ်းခြေတွင် သံဃာတော် သုံးပါးဖြင့် အန္တရာယ်ကင်း ပဌာန်းရွတ်ပွဲပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

“စစ်တွေမှာက ဆိုင်တွေတင် ပိတ်တာမဟုတ်ဘူး လူအများစုကပါ မရှိတော့တာ” ဟု စစ်တွေမြို့မှ ဆွေမျိုးများရှိရာ မြောက်ဦးနယ်သို့ မုန်တိုင်းရှောင်ရန်ပြင်ဆင်နေသည့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ် ကိုပြောသည်။

စစ်တွေမြို့မှ ဒေသခံအချို့သည် ပုဏ္ဏားကျွန်း ၊ကျောက်တော်၊ မြောက်ဦးစသည့် မြို့များသို့ မုန်တိုင်းရှောင်တိမ်းနေကြပြီး ရှောင်တိမ်းလာသူများကို “အောင်သုခ” အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးကားမှ အခမဲ့ပို့ပေးလျှက်ရှိသည်ကို ယနေ့နံနက်ပိုင်းက တွေ့ရသည်။

“အောင်သုခ” ခရီးသည်ပို့ဆောင်ရေးကားသည် လူ ၅၀အထိသာ စာရင်းလက်ခံ၍ အခမဲ့ ပိုဆောင်ပေးခြင်း ဖြစ်၍ ကာခ စျေးနှုန်းများ မြင့်တက်လျှက်ရှိကြောင်း သိရသည်။

“စစ်တွေ ဒေသခံအများစုက ကျောက်တော်၊မြောက်ဦးဖက်ကို ပြေးလာကြတာပါ။ အခု ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ လူအပြည့်ပါပဲ။ စစ်တွေဘက်က ပြေးလာကြတာ။ ကားခဈေးနှုန်းဆိုလည်း အရင်က စစ်ကေနေ မြောက်ဦးကို တစ်သောင်းခွဲ (၁၅၀၀၀) ပဲပေးရတာ။ အခု စစ်တွေကနေ မြောက်ဦးကို သုံးသောင်း (၃၀၀၀၀) ကနေ ငါးသောင်း (၅၀၀၀၀) အထိဈေးတက်နေပါတယ်” စစ်တွေမှ မြောက်ဦးသို့ မုန်တိုင်းရှောင်လာသူတစ်ဦးက ပြောသည်။

ကားခစျေးနှုန်းများ ကြီးမြင့်မှုကြောင့် ယနေ့ ညနေပိုင်းတွင် “တိုးရတနာ” ယာဉ်လိုင်းမှ လူဦးရေ ၅၀ အထိ လက်ခံ၍ စစ်တွေမှ မြောက်ဦးသို့ အခမဲ့ ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။

“အဲ့ဒီယာဉ်လိုင်း နှစ်ခု မနက်ဖန် တစ်ရက် အခမဲ့ ပြေးဆွဲပေးဦးမယ်။ စာရင်းပေးထားဖို့ ပြောတယ်။ မနက်ဖန်ပြီးရင်တော့ မဆွဲပေးတော့ဘူး။ အရေးပေါ်အခြေနေအရ သက်ကြီးပိုင်းတွေကျန်သေးရင် စာရင်းမပါလည်းပို့ပေးမယ်လို့တော့ပြောပါတယ်” ဟု စစ်တွေမြို့မှ မုန်တိုင်းရှောင်လာသည့် အမျိုးသမီးက ဧရာ၀တီတိုင်းမ် ကိုပြောသည်။

မိုချာ ဆိုင်ကလုန်း မုန်တိုင်းကြီးသည် မေလ ၁၃ရက်နေ့တွင် ရခိုင်ပြည်နယ် ရခိုင်ကမ်းရိုးတန်းဒေသ စစ်တွေမြို့နှင့်ကျောက်ဖြူမြို့အနီးသို့ CAT4 powerful cyclone မုန်တိုင်းကြီးအဖြစ်ချဉ်းကပ်ရောက်ရှိလာမည်ဖြစ်သည်။

ထို့ပြင် မိုချာ မုန်တိုင်းနှင့်အတူ ဒီရေလှိုင်းများပါ ခေါ်ဆောင်လာမည် ဖြစ်သည့်အတွက် ရေလှိုင်းအမြင့်မှာ ၃၀ ပေအထိမြင့်တက်နိုင်သောကြောင့် ဒေသခံများအနေဖြင့် ဘေးလွတ်ရာကုန်းမြင့်နေရာများသို့ ရွှေ့ပြောင်းနေထိုင်ကြရန် မိုးလေဝသပညာရှင်များက ကြိုတင်သတိပေးထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စစ်တွေ၊ မာန်အောင်၊ ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ မောင်တော မြို့များကို မုန်တိုင်းဝင်ရောက်နိုင်သည့် အနီရောင် အဆင့်သတ်မှတ်ထားသည်။

အဆိုပါ အနီရောင် အဆင့် သတ်မှတ်ထားသည့် မြို့နယ်၊ ရပ်ကွက် ၊ ကျေးရွာရှိ ဒေသခံများသည် စစ်ကောင်စီက ပြောင်းခိုင်းသည့် နေရာသို့ ပြောင်းရွှေ့ခြင်း မရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမည်ဟု စစ်ကောင်စီ ခန့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းနှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဥပဒေချုပ်တို့က ဆိုထားသည်။

ထိုသို့ ရွှေပြောင်းရာတွင် ရွှေ့ပြောင်းစရိတ်နှင့် နေထိုင်စားသောက်စရိတ်များကို စစ်ကောင်စီက ကျခံပေးမည်ဟု ဆိုထားသော်လည်း အမှန်တကယ် လုပ်ဆောင်ပေးခြင်း ရှိ၊ မရှိကိုမူ ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ဓာတ်ပုံ-Tin Nyein Oo
ပုံစာ- ကျောက်တော်၊မြောက်ဦးမြို့များသို့ မုန်တိုင်းရှောင်ရန် သွားနေကြသည့် စစ်တွေဒေသခံများကိုတွေ့ရစဉ်
#ရခိုင်ပြည်နယ်မြောက်ပိုင်း #မိုချာမုန်တိုင်း #စစ်တွေမြို့ဒေသခံများ #မုန်တိုင်းရှောင် #ကျောက်တော်မြောက်ဦး #Ayeyarwaddy_Times