ဧရာဝတီတိုင်းမ်
(ချင်း)၊ မေ ၁၂ ရက်
မိုချာ ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မည့် ပြည်နယ်များတွင် ချင်း ပြည်နယ်လည်းပါဝင်နေပြီး အင်တာနက်နှင့် ဖုန်လိုင်းများကို စစ်ကောင်စီက ဖြတ်တောက်ထား၍ ချင်းဒေသခံ ပြည်သူများအနေဖြင့် မုန်တိုင်းနှင့် ပတ်သက်သည့် သတင်းအချက် အလက်များသိရှိနိုင်ရန် အခက်အခဲကြုံတွေ့နေကြောင်းသိရသည်။
စစ်ကောင်စီက အင်တာနက်လုံး၀ဖြတ်တောက်ထားသည့်အပြင် ချင်းပြည်နယ်ရှိ မြို့နယ် အများစုတွင်လည်း ဖုန်းလိုင်းများဖြတ်တောက်ထားသည်။ ထို့ပြင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ အပြည့်အဝရရှိထားသည့် ဟားခါးမြို့တွင်လည်း ယခု မေလမှ စတင်၍ Oredooနှင့် ATOM လိုင်းများကို ထပ်မံပြတ်တောက်ထားသည်။
“အဓိက ပြည်သူတွေ ဖုန်းလိုင်း၊ အင်တာနက်လိုင်းဖြတ်ခံထားရတော့ သတင်းအချက် အလက်တွေကို အချိန်နဲ့တပြေးညီ သိရဖို့တော့ အခက်အခဲရှိနေတယ်။ ဒါပေမယ့် မြေပြင်မှာ၊ အထူးသဖြင့် ကျေးရွာတွေမှာ မုန်တိုင်းရှိမယ်ဆိုတာ သတင်းဖြန့်ဝေခြင်း၊ စာကပ်ခြင်း စတာတွေကို တတ်နိုင်သလောက် လုပ်ထားတော့ မုန်တိုင်းရှိမယ်ဆိုတာ သိထားကြပါတယ်။ ဒါပေမယ့် ကြိုတင်ကာကွယ်ဖို့နဲ့ စီမံထားရှိမှု မလုပ်နိုင်ရင်တော့ ဖြစ်လာရင် ကယ်ဆယ်ရေးလုပ်ငန်းတွေ အချိန်မီလုပ်နိုင်ဖို့ အခက်အခဲ နဲ့ စိန်ခေါ်မှု့တွေ ရှိလာမှာ အမှန်ပဲခင်ဗျ” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာန၊ ဌာနမှူးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မိုချာမုန်တိုင်းဖြတ်သန်းသွားနိုင်သည့် ဗဟိုလမ်းကြောင်းထဲတွင် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်နှင့် မတူပီမြို့နယ်များ ပါဝင်နေပြီး မုန်တိုင်းနှင့်ပတ်သက်၍ ပြည်သူများသတိထားကြရန် CDF-မင်းတပ် အပါအဝင် ချင်းဒေသကာကွယ်တပ်ဖွဲ့များက အသိပေးထုတ်ပြန်ထားကြသည်။
ချင်းဒေသခံပြည်သူများသည် မုန်တိုင်းနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေသော်လည်း စစ်ကောင်စီအနေဖြင့် ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက် လုပ်ဆောင်လာကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။
“စစ်ကောင်စီက တမင်တကာကို ကြံစည်ပြီး လုပ်ဆောင်တာပေါ့နော်။ စစ်ကောင်စီက တစ်ခုခုလုပ်တော့မယ်ဆိုရင် အရင်ဆုံးပြည်သူတွေကို ဘယ်လိုဒုက္ခပေးနိုင်မလဲဆိုတာပဲ ကြည့်တယ်။ အခုလည်း အရင်သုံးခဲ့တဲ့ လူသားမဆန်တဲ့ ဗျူဟာကိုပဲ ဆက်လက်လုပ်ဆောင်နေတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့-ဆဲန်ထန်၏ ပြောရေးဆို ခွင့်ရှိ သူက ဆိုသည်။
ချာမိုမုန်တိုင်းကြောင့် ချင်းဒေသခံပြည်သူများအနေဖြင့် ခရီးဝေးမသွားကြရန်၊ တောထွက်၍ အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်းများမပြုလုပ်ကြရန်နှင့် အခြားကြိုတင် ကာကွယ်မှုများလုပ်ဆောင်ထားရန် ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များက အသိပေးထားကြောင်းသိရသည်။
လွတ်မြောက်နယ်မြေများသို့ တိမ်းရှောင်နေကြသည့် ချင်းပြည်သူများကလည်း မိုချာမုန်တိုင်းကြောင့် ပြည်တွင်းတွင် နေထိုင်ကြသည့် ဆွေမျိုးများကို စိုးရိမ် ပူပန်လျက်ရှိကြောင်း သိရသည်။
“မုန်တိုင်းနဲ့ ပတ်သတ်ပြီး သတင်းအချက်အလက်တွေ အချိန်နဲ့တပြေးညီ သိနိုင်ပါ့မလားဆိုတာ အရမ်းစိတ်ပူတယ်။ ဖုန်းလိုင်းလည်းမရတော့ အသိပေးလို့လည်း မရဘူး။ သူတို့အဆင်ပြေဖို့ ဘုရားသခင်ဆီမှာပဲ အမြဲဆုတောင်းပေးနေပါတယ်” ဟု မတူပီမြို့ရှိ အသက် ၅၀ အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိဟားခါးမြို့တွင် MPTဖုန်းလိုင်းတစ်ခုသာ ရရှိနေပြီး မင်းတပ်မြို့နယ်၌ ယနေ့ မေလ ၁၂ ရက်နေ့ ညနေပိုင်းက စတင်၍ MPT ဖုန်းလိုင်းများ ပြန်လည် ရရှိကြောင်းသိရသည်။
ချင်းပြည်နယ်ရှိ မြို့နယ်တချို့တွင် ယနေ့ ညနေပိုင်းမှ စတင်၍ လေပြင်း စတင်တိုက်ခတ်နေကြောင်းသိရပြီး မိုချာမုန်တိုင်းဝင်ရောက်လုဆဲအချိန်ထိ စစ်ကောင်စီ ၏ ဂျက်ဖိုက် တာများ ပျံသန်းသွားလာလျက်ရှိကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံက သိရသည်။
ဓာတ်ပုံ-ဧရာ၀တီတိုင်းမ်
ပုံစာ- ကန်ပက်လက်မြို့နယ် စစ်ဘေးရှောင်စခန်းတစ်ခုကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ်
#ချင်းပြည်နယ် #မိုချာမုန်တိုင်း #စစ်ကောင်စီ #ဖုန်းလိုင်းပြတ်တောက် #သတင်းရရှိရန်အခက်ကြုံ #Ayeyarwaddy_Times