ကျော်လင်း/ဧရာဝတီတိုင်းမ်
(ဖျာပုံ) ဇူလိုင်လ ၁၃ ရက်

အာဏာသိမ်း စစ်ကောင်စီက ဧရာဝတီတိုင်း၊ ဖျာပုံအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၀ နှင့် ရိုးရိုးအကျဉ်းသား ၃၀ တို့ကို မြောင်းမြထောင်သို့ ဇူလိုင်လ ၉ ရက်နေ့က ရုတ်တရက် ထောင်ပြောင်းရွှေ့ ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောင်ပြောင်းရွှေ့ခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသားများနှင့် ရိုးရိုးအကျဉ်းသားများ၏ မိသားစုဝင်များမှာ အကျဉ်းသားများကို ထောင်ဝင်စာတွေ့ရန် အခက်အခဲများ ကြုံတွေ့နေကြောင်း မိသားစုဝင်များထံက သိရသည်။

“ကျွန်မတို့က ထောင်ပြောင်းမှာကို ကြိုမသိခဲ့ပါဘူး။ ဘယ်ထောင်ကိုပို့ခံရသလဲ စုံစမ်းရတာပေါ့။ စကြားတာက အင်းစိန်ထောင်၊ နောက်တော့ ပုသိမ်ထောင်။ ဘယ်ဟာက သေချာလဲမသိတော့ ရင်ပူရပါတယ်။ ဟိုမေးလည်း မသိ၊ ဒီမေးလည်း မသိ။ စိတ်အတော်ဆင်းရဲပါတယ်။ ဟိုနေ့ကမှ မြောင်းမြထောင်ဆိုတာကို သိရတယ်။ ဖျာပုံမှာတုန်းက နီးတဲ့အတွက် တော်သေးတယ်။ အခုက မြောင်းမြဆိုတော့ ဘယ်လိုသွားရမှန်းတောင် မသိဘူး။ အဲတော့ ထောင်ဝင်စာပို့ဖို့အတွက် အခက်အခဲတွေ အရမ်းဖြစ်နေတယ်ဟု ဖျာပုံခရိုင်မှ နိုင်ငံရေးအကျဉ်းသား တစ်ဦး၏ ဇနီးဖြစ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ဖျာပုံထောင်မှ မြောင်းမြထောင်သို့ ပို့ဆောင်ခဲ့သည့် နိူင်ငံရေးအကျဉ်းသား ၂၀ ဦးမှာ ဖျာပုံမြို့နယ်မှ ၁၂ ဦး၊ ကျိုက်လတ်မြို့မှ ၂ ဦး၊ မော်လမြိုင်ကျွန်းမြို့မှ ၅ ဦးတို့ဖြစ်ပြီး အားလုံး အမျိုးသားများ ဖြစ်ကြောင်း သိရသည်။

ယခုလို ဝေးလံသည့်ထောင်များကို ပြောင်းရွှေ့ခဲ့သဖြင့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များမှာ ထောင်ဝင်စာ တွေ့ရန် စားနပ်ရိက္ခာများအပြင် လမ်းစရိတ်နှင့် တည်းခိုစရိတ်ငွေကြေးများ ပိုမိုကုန်ကျမည်ဖြစ်၍ နိုင်ငံရေး အကျဉ်းသားများကို ပိုမိုဒုက္ခရောက်စေရန် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

“ဒါက အာဏာရှင်တွေရဲ့ လက်ထက်မှာ တောက်လျောက်လုပ်နေတဲ့ဟာပဲ ခုမှတင်မဟုတ်ဘူး။ ၈၈ ကလည်း ဒီအတိုင်းပဲ။ ပြည်သူလူထုကို ဒုက္ခရောက်အောင် လုပ်နေတဲ့ဟာပဲ။ အရင်ကမူအတိုင်းကို တသွေမသိမ်းလိုက်နာနေတာ။ သူတို့လုပ်နေတဲ့အရာတွေက တကယ်တော့ အဆိုးဆုံးကိုတွန်းပို့နေတာ”ဟု နိူင်ငံရေး အကျဥ်းသားဟောင်းတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရခေတ်တွင်လည်း နိုင်ငံရေးအကျဉ်းသားများကို ဝေးလံသည့် ရခိုင်ပြည်နယ်မှ မောင်တောထောင်၊ ကချင်ပြည်နယ်မှ ပူတာအိုထောင်၊ စစ်ကိုင်းတိုင်းမှ ခန္တီးထောင်၊ ကလေးထောင်၊ မုံရွာထောင်တို့ကို ပို့ဆောင်၍ နိုင်ငံရေးအကျဉ်းသားများကို ခက်ခဲဒုက္ခရောက်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောဆိုသည်။