ဧရာဝတီတိုင်းမ်
မေလ ၁၁ ရက်

စစ်ကောင်စီက လက်နက်ကိုင်အဖွဲ့ အသီးသီးမှ မည်သူမဆို လက်နက်နှင့် လာရောက်အပ်နှံ အလင်းဝင်မည် ဆိုပါက ဆုငွေချီးမြှင့်မည်ဟု ကြေညာပြီးနောက် PDF ၅ ဦး လက်နက်များနှင့်အတူ ၎င်းတို့ထံ ဝင်ရောက်လာကြောင်း သတင်း ထုတ်ပြန်သည်။

လက်နက်များနှင့်အတူ စစ်ကောင်စီထံ ဝင်ရောက်လာသည် ဆိုသော PDF ဆိုသူ ၅ ဦးကို ကတိအတိုင်း ဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့ပြီး မိသားစုထံ လွှဲပြောင်း ပေးလိုက်ကြောင်းလည်း ဖော်ပြထားသည်။

အဆိုပါ ဝင်ရောက်လာသူများအား လက်ခံကြိုဆိုသည့် အခမ်းအနားကို မန္တလေးတိုင်း အောင်မြေသာစံ မြို့နယ် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံ သင်တန်းကျောင်း ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

အလင်းဝင်လာသူ PDF များဟု စစ်ကောင်စီက ဖော်ပြသူများသည် ၎င်းတို့ ဖွဲ့စည်းထားသော ပျူစောထီး အဖွဲ့နှင့် သွေးသောက် အဖွဲ့ဝင်များသာ ဖြစ်ကြောင်း မန္တလေးမြို့မှ ကြံ့ခိုင်ရေး ပါတီနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၎င်းက“သူတို့ကိုသိတယ်။ လုပ်ဇာတ်ကြီးပါ။ အဲဒီထဲက တစ်ယောက်က ကယ်ရီဆွဲတယ်။ သူတို့ တပ် သတင်းပေးတွေ။ သူတို့ ပေးကိုင်ထားတဲ့ လက်နက်တွေ။ လက်နက်တွေပေးကိုင်ပြီး မနိုင်တော့လို့ ပြန်လိုက်တောင်းနေတာတွေလည်း ရှိတယ်”ဟုလည်း ပြောဆိုသည်။

အလင်းဝင်ရောက်လာသူများက လက်လုပ် ပစ္စတို နှစ်လက်၊ မောင်းပြန်ပစ္စတို တစ်လက်တို့ ယူဆောင်လာသဖြင့် ကျပ် ၅ သိန်းဆု နှစ်ဆု၊ ကျပ် သိန်း ၂၀ ဆု တစ်ဆုတို့ကို ကတိအတိုင်း ပေးအပ်ခဲ့သည်ဟုလည်း ဆိုသည်။

လက်နက်ကိုင် အဖွဲ့အသီးသီးတွင် ရှိနေသူများ ဥပဒေ ဘောင်အတွင်း ပြန်လည် ဝင်ရောက်ရန် မေလ ၉ ရက်နေ့က ဖိတ်ခေါ်မှု ပြုလုပ်ခဲ့ပြီး ပစ္စတို၊ သေနတ်၊ လက်လုပ်စိန်ပြောင်း၊ လက်လုပ်မိုင်း၊ လက်ပစ်ဗုံး၊ ဗုံးခွဲရေးသုံး ဒရုန်း စသည့် ပစ္စည်း အမျိုးအစားပေါ် မူတည်၍ ဆုကြေးငွေ ကျပ် ၂ သိန်းမှ ၇၅ သိန်း အထိ ပေးမည်ဟု ကြေညာပြီး နောက်တစ်နေ့ မေလ ၁၀ ရက်နေ့မှာ အလင်းဝင်ရောက်လာကြောင်း စစ်ကောင်စီက သတင်း ထုတ်ပြန်ခြင်းလည်း ဖြစ်သည်။

ထိုသို့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် (PDF) များ လက်နက်ဖြင့် ပြန်ဝင်လာလျှင် ဆုကြေးငွေပေးမည်ဟု စစ်ကောင်စီ၏ ဖိတ်ခေါ်မှုသည် စစ်ရေး ရှုံးနိမ့်နေသည့် အတွက် ကြံမိကြံရာကြံခြင်း ဖြစ်ကြောင်း NUG က တုန့်ပြန် ပြောဆိုထားသည်။

စစ်နည်းဗျူဟာ ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် CDM ဗိုလ်ကြီး ဇင်ယော်ကလည်း စစ်ကောင်စီ၏ အဆိုပါ ဖိတ်ခေါ်ချက်သည် တော်လှန်ရေးဘက်ကို တန်ပြန် ဝါဒဖြန့်ခြင်း ဖြစ်ကာ CDM ဝင်ရောက်လာသော စစ်သားနှင့် ရဲများ ထဲတွင် ၎င်းတို့နှင့်အတူ လက်နက် ယူဆောင်လာသူများ ရှိနေခဲ့ပြီး စစ်ကောင်စီထံသို့ ပြန်လည် ဝင်ရောက်သူများတွင် ထိုသို့ မရှိသဖြင့် ဆုကြေးငွေ ထုတ်ခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် နိုင်ငံတွင်း တရားမဝင် လက်နက်ကိုင်ဆောင်ထားသူများ အနေနှင့် လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့် လိုင်စင် လျှောက်ထားရန်နှင့် လျှောက်ထားသည့် သေနတ် လက်နက် မည်သို့မည်ပုံ ရရှိလာသည်ကို စစ်ဆေးမေးမြန်းမှု ပြုလုပ်မည် မဟုတ်ကြောင်းလည်း စစ်ကောင်စီက မေလ ၉ ရက်နေ့ ရက်စွဲနှင့် ထုတ်ပြန် ကြေညာထားသေးသည်။

#Ayeyarwaddy_Times