ဧရာဝတီတိုင်းမ်
(ရွှေဘို)၊ မေလ ၁၀ ရက်
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီစခန်းအား မေလ ၉ ရက်နေ့ နံနက် ၄ နာရီ ဝန်းကျင်တွင် PDF ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ဇီးဖြူကုန်းတွင် တပ်စွဲထားသည့် အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီစခန်းအား PDF ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ တိုက်ပွဲကြာချိန် ၂ နာရီအတွင်း စစ်ကောင်စီတပ်သားနှင့် ပျူစောထီး တပ်သား ၂၀ ကျော် သေဆုံးခဲ့ပြီး လက်နက်တချို့ သိမ်းဆည်းရမိခဲ့ကြောင်း ကျောက်လုံးကြီး (KLG) PDF က ထုတ်ပြန်ထားသည်။
“ပျူရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့တာ။ ပျူရော၊ စစ်သားရော၊ ရဲရော အယောက် ၁၀၀ ကျော် ရှိတယ်။ တိုက်ခိုက်ခံရပြီးနောက် ဘေးဘက်က ပျူရွာ ၃ ရွာက ကားတစ်စီးစီနဲ့ စစ်ကူတွေလာကြတယ်။ အခုရွာထဲမှာ တခြားရွာကလာတဲ့ ပျူတွေ၊ တပ်သားတွေနဲ့ အင်အားဖြည့်ထားတယ်”ဟု KLG တပ်မဟာ တာဝန်ရှိသူ တဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ စခန်းသိမ်းနိုင်သည့် အခြေအနေတွင် အနီးရှိ သလုံးပျူရွာ၊ တည်သီးတောရွာ၊ နှမစားရစ်ရွာ စတဲ့ ပျူရွာများမှ စစ်ကောင်စီ တပ်သားနှင့် ပျူစောထီး စစ်ကူများ ရောက်လာသည့် အတွက် ပြန်လည် ဆုတ်ခွာခဲ့ရပြီး PDF ပူးပေါင်းတပ်မှ ရဲဘော် ၄ ဦး (မစိုးရိမ်ရ) ဒဏ်ရာ ရခဲ့သည်ဟုလည်း ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအား KLG PDF ကျောက်လုံးကြီး၊ ဒီပဲယင်း ဂဠုန် တပ်တော်၊ မိုးကြိုးမုန်တိုင်း အဖွဲ့၊ မဟာညီနောင်ဘွား၊ ဒေါင်းလုလင် LPDF ၊ spring guerrilla platoon ၊ ရွှေဘို ဒီပဲယင်း မဟာမိတ် ညီနောင်များမှ ပူးပေါင်း တိုက်ခိုက် ခဲ့ကြကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ – ဇီးဖြူကုန်းရွာစစ်ကောင်စီစခန်းအားတိုက်ခိုက်နေပုံ
#ရွှေဘို #PDF #စစ်ကောင်စီစခန်း #စစ်ကောင်စီတပ်သား #ပျူစောထီး #တိုက်ပွဲ #Ayeyarwaddy_Times