ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊မေလ ၁၀ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီး လမ်းပိုင်းတစ်နေရာတွင် ယမန်နေ့ မေလ ၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထားဝယ်စုပေါင်းစစ်ကြောင်း (Dawi Collicative Column) ထံက သိရသည်။
ယမန်နေ့ နံနက် ၈ နာရီခန့်က အရှေ့တောဒေသ၊ အညာဖျားကျေးရွာနှင့် ဥယျာဥ် ကျေးရွာကြား တောလမ်းအတိုင်း ထားဝယ်မြို့ ဘက်သို့ ပြန်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို လမ်းပိုင်း တစ်နေရာတွင် တိုက်မိုင်း လေး လုံး အနက် မိုင်း နှစ်လုံးဖြင့် ချိတ်မိ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့က သတင်းကြိုရထားလို့ တိုက်မိုင်း လေး လုံးကို သွားမြှုပ် ထားခဲ့တာပါ။စစ်ကောင်စီတပ်သားတွေက တောလမ်းအတိုင်းလာတဲ့အချိန် တိုက်မိုင်း နှစ်လုံး ချိတ်မိပြီး ပေါက်ကွဲခဲ့တယ်”ဟု ထားဝယ်စုပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက် ခံရမှုကြောင့် ဒဏ်ရာရရှိသူ စစ်ကောင်စီတပ်သားများရှိပြိး သေဆုံးသူများလည်းရှိကြောင်း တာဝန်ရှိသူက ဆိုသည်။
အဆိုပါ ပေါက်ကွဲမှုအတွင်း စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်လာသည့် ရွာသူ၊ ရွာသားများအနက် နှစ် ဦးမှာ မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ်ကြောင်း သိရသည်။
ထားဝယ်စုပေါင်းစစ်ကြောင်းသည် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်ခံ ရသူများအနက် မိုင်စထိမှန် ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးကို တောင်းပန်ထားပြီး စစ်ကောင်စီတပ်များ ဖြတ်သန်းဝင်ရောက်လာပါက မိဘပြည်သူများအနေဖြင့် ဘေးကင်းရာသို့ ပြောင်းရွှေ့နေထိုင်ရန် မေတ္တာရပ်ခံကြောင်း အသိပေး ထုတ်ပြန် ထားသည်။
ဓာတ်ပုံ-ထားဝယ်စုပေါင်းစစ်ကြောင်း
#ထားဝယ် #စစ်ကောင်စီစစ်တပ် #မိုင်းဆွဲတိုက်ခိုက် #ထားဝယ်စုပေါင်းစစ်ကြောင်း
#Ayeyarwaddy_Times