နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မအူပင်)/မေလ ၉ ရက်
ဧရာဝတီတိုင်း မအူပင်မြို့ပေါ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ က မုန်တိုင်းအကြောင်းပြကာ အလှုငွေကောက်ခံမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“ မုန်တိုင်း ဝင်မှာမို့ ကြိုတင်သတိပေးတဲ့ အကြောင်းရပ်ကွက်တွေကို အသံချဲ့စက်တွေနဲ့ လိုက်အသိပေးပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက တအိမ်ဆင်းတအိမ်တတ် အလှုငွေ လိုက်ကောက်တော့တာပဲ။ မုန်တိုင်းက ဝင်မဝင်မသိရသေးဘူး အုပ်ချုပ်ရေးပိုင်းကတော့ စားပေါက်တွေ ထွင်နေပြီ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြေားသည်
အလှူခံရာတွင် မည်မျှထည့်ရမည်ဟု သတ်မှတ်မထားသော်လည်း အလှူခံမထည့်သည့်အိမ်များကို မှတ်ထားပြီး ကြုံသည့်အခါ ဒုက္ခပေးမည်ကို စိုးရိမ်နေကြသည်ဟု ဒေသခံများက ဆိုသည်။ မအူပင်မြို့တွင် ပြည်သူ့စစ် ၊ မီးသတ်၊ရဲနှင့် ရာအိမ်မှုး ဆယ်အိမ်မှူးများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပေါင်းပြီး ပြည်သူ့လူထုအပေါ် ခြိမ်းခြောက် ငွေတောင်းခံမှုများ ရှိနေသည့် အတွက် ယခုကဲ့သို့ စိုးရိမ်နေကြခြင်း ဖြစ်သည်။
“ အကြောင်းတစ်ခုမပေါ်ရဲဘူး ပေါ်တာနဲ့သူတို့လုပ်စားကွက်ကရသွားရောလေ ဘာအကြောင်းမှမရှိတာတောင်မှ ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံဒေါင့်မှာ နေ့စဥ်လိုလိုခရီးသွားလာနေတဲ့ဆိုင်ကယ်တွေကို တားစီးစစ်ဆေးပြီးငွေတောင်းနေတာလေ ဆိုင်ကယ်လိုင်စင် ယာဥ်မောင်းလိုင်စင်ဆိုင်ကယ်စီးဦးထုပ်အပြည့်စုံပါရင်တောင် အကြောင်းတစ်ခုမဟုတ် တစ်ခုအပြစ်ရှာပြီးငွေတောင်းနေတာလေ ပြီးရင် ပြည်သူ့စစ်တွေ မီသတ်တွေ စစ်ကောင်စီသတင်းပေးတွေ ခွဲဝေသုံးစွဲနေကြတာ” ဟု မအူပင်ဒေသခံ ပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
ဒေသခံများအနေဖြင့် စီးပွါးရေး အဆင်မပြေသည့်အပြင် အထွေထွေကုန်စျေးနှုန်း ကြီးမြင့်နေသည့် ယခုလို ကာလတွင် အဖွဲ့အစည်းမျိုးစုံကို ကြောက်နေရသည်မှာလည်း ဒေသခံပြည်သူလူထုအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။
#မိုချာမုန်တိုင်း #အကြောင်းပြပြီးအလှုခံ #ဧရာဝတီတိုင်းတွင်ပြုလုပ်နေ #Ayeyarwaddy_Times