ဧရာဝတီတိုင်းမ်
မေလ ၉ ရက်
ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များသည် စားဝတ်နေရေးအကျပ်အတည်း များကြောင့် လက်ရှိဖြစ်ပေါ်နေသည့် မိုချာဆိုင်ကလုန်း မုန်တိုင်းနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ရန် အခက်အခဲများ ရှိနေကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌ ဖြစ်ပေါ်လာနိုင်သည့် မိုချာဆိုင်ကလုန်း မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေမြို ခြင်းများဖြစ်ပွားနိုင်သောကြောင့် မေလ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ သတိထားကြရန်နှင့် ကြိုတင်ပြင်ဆင်ကာကွယ်မှုများလုပ်ဆောင်ထားကြရန် ရက္ခိုင့် တပ်တော် (ULA/AA) က တိုက်တွန်းချက် ထုတ်ပြန်ထားသည်။
ထို့အပြင် စစ်ကောင်စီ ကလည်း ရသေ့တောင်၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲတို့တွင် ဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများနှင့် ဟောပြောဆွေးနွေးမှုများ ပြုလုပ် လျှက်ရှိသော်လည်း စစ်ဘေးရှောင် စခန်းများသို့ လာရောက်ခြင်းမရှိပေ။
စစ်ဘေးရှောင်များအား မည်သည့်အဖွဲ့အစည်းကမျှ လာရောက် ဆွေးနွေး ကူညီခြင်း မရှိသလို လက်ရှိ နေထိုင်နေသည့် စခန်းများ ဆောက်လုပ်ထားသည်မှာ အချိန်ကြာ မြင့်နေပြီ ဖြစ်၍ မုန်တိုင်းဒဏ်ကို ခံနိုင်မည်မဟုတ်သော်လည်း မုန်တိုင်းဒဏ်မှ ကာကွယ်ရန် တစ်စုံတရာလုပ်ဆောင်နိုင်ခြင်း မရှိကြောင်း စစ်ဘေးရှောင်များထံက သိရသည်။
“မုန်တိုင်းသတင်းထုတ်ပြန်ချက်မှာ ကျွန်တော်တို့ဖက်တွေပါတော့ စိုးရိမ်တယ်။ လေပြင်း တစ်ချက်တိုက်တာနဲ့ ပြိုသွားမှာမို့ ဒီစခန်းမှာ ဆက်နေလို့လည်း အဆင်ပြေမှာမဟုတ်ဘူး။ စခန်းကို ခိုင်အောင်ပြန်ဆောက်ဖို့ကလည်း ငွေမရှိဘူး။ ဒါကြောင့် နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ နေဖို့ရှာနေပေမယ့်ခုထိတော့ နေရာမရသေးဘူး” ဟု လူဦးရေ ၅၀၀ ကျော်ခိုလှုံနေသည့် ဘူးသီးတောင်မြို့ပေါ်ရှိ ရန်အောင်မြေ စစ်ဘေးရှောင်စခန်းမှ စစ်ရှောင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ထို့အတူ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်များသည်လည်း ယခုအချိန်ထိ ရှောင်ပြေးရန် နေရာမရှိသလို မုန်တိုင်းကာလအတွင်း စားသောက်ရန်အတွက် စားနပ် ရိက္ခာစုဆောင်းမှုများလည်း လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း သိရသည်။
” တာရှည်ခံအစားအစာတွေ ၊ ခေါက်ဆွဲထုပ်တွေ၊ ဓာတ်မီးတွေ ကြိုပြင်ဆင်ထားသင့် တယ်လို့တော့ ပြောကြပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ဖို့ပိုက်ဆံမရှိတော့ ဘာမှမပြင်ဆင်ရသေးဘူး။ တစ်နေ့စားဖို့အတွက် တစ်နေ့ရုန်းကန်နေရတဲ့ဘဝမှာ မုန်တိုင်း အန္တရာယ်ကာကွယ်ဖို့အတွက် ဘယ်လိုပြင်ဆင်နိုင်မှာလဲ။ ကြောက်ပေမဲ့လည်း မတက်နိုင်တာတော့ ကိုယ့်ကံပဲပေါ့” ဟု ကျောက်တော်မြို့နယ်ရှိ ညောင်ချောင်း စစ်ဘေးရှောင်စခန်းမှ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးကပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များသည် ယခင်ကကဲ့သို့ အစိုးရဆီက ဆန်ရိက္ခာ ထောက်ပံ့မှုများမရရှိတော့ဘဲ WFP ကပေးသည့်ငွေ ၂၁,၀၀၀ ကျပ်ဖြင့်သာ ရုန်းကန် စားသောက်နေရသည့်အတွက် ပြင်ဆင်ရန်အခက်အခဲများ ရှိနေခြင်းဖြစ်သည်။
“အဓိက စိုးရိမ်ရတာက သက်ကြီးပိုင်းတွေနဲ့ကလေးတွေပါ။ သူတို့က ပြေးလွှား နိုင်တဲ့သူတွေမဟုတ်တော့ တစ်ခုခု ဖြစ်ပြီဆိုရင် ရှောင်ဖို့မလွယ်ဘူး။ ဒါကြောင့် အကုန်လုံး နေမယ့်နေရာမရရင်တောင် သက်ကြီးပိုင်းနဲ့ကလေးတွေနေဖို့နေရာတော့ ရအောင်ရှာဖို့ အစည်းအဝေးခေါ်ပြောထားပါတယ်” ဟုကျောက်တော်မြို့နယ်၊ တောင်မင်းစစ်ဘေး ရှောင် စခန်းမှ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယမန်နှစ် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း လေပြင်း မုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် ရသေ့တောင်၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင်နေအိမ် ၃၀၀ ကျော်ပျက်စီးခဲ့ရသည်။
ထိုသို့ ပျက်စီးသွားသည့်နေအိမ်များကို ICRCအဖွဲ့အစည်းများနှင့် အရပ်ဖက် အဖွဲ့အစည်းများကသာ ကူညီထောက်ပံ့ပေးခဲ့ပြီး စစ်ကောင်စီမှ ပြန်လည်ဆောက် ပေးခြင်းမျိုး မရှိကြောင်း စစ်ဘေးရှောင်များ၏ ပြောဆိုချက် အရသိရသည်။
#ရခိုင်ပြည်နယ် #စစ်ဘေးရှောင် #စားဝတ်နေရေးအကျပ်အတည်း #ကြိုတင်ပြင်ဆင် #မိုချာဆိုင်ကလုန်းမုန်တိုင်း #လုပ်ဆောင်နိုင်ခြင်းမရှိ #Ayeyarwaddy_Times