ဧရာ၀တီတိုင်းမ်
မေ ၉ ရက်
မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ စစ်ကောင်စီ အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ် (တမခ-၉၉) မှ တပ်နယ်မှူး ဗိုလ်မှူးကြီး သန်းနိုင်စိုးအပါအ၀င် ဗိုလ်မှူးအဆင့်ရှိသူ သုံးဦး ၊ စုစုပေါင်း ငါး ဦးကို နေပြည်တော် စစ်ရုံးချုပ်မှ ဖမ်းဆီးခေါ်သွားကြောင်း နေပြည်တော်တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။
ပြီးခဲ့သည့် မေ ၅ ရက်နေ့က မိတ္ထီလာမြို့ရှိ တမခ (၉၉) ဌာနချုပ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီးသန်းနိုင်စိုး၊ တပ်ရေးဗိုလ်ကြီး မိုးမင်းဟန်နှင့် မလှိုင်မြို့မှ ဗိုလ်မှူးအဆင့်ရှိသူ (အမည်စုံစမ်းဆဲ) သုံး ဦးတို့ကို ငွေကြေးကိစ္စ တိုင်တန်းမှုများကြောင့် လာရောက် ဖမ်းဆီး ခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း သိရသည်။
“မြို့မှာရှိတဲ့ သူဌေးတွေ၊ သူတို့စားလို့ရမယ့် အချောင်ရမယ့်ဟာတွေဆိုရင် အာဏာနဲ့ရာထူးသုံးပြီး ဖမ်းဆီး ငွေညှစ်တာမျိုးတွေလုပ်တယ်။ သူဌေးတွေကို သီးသန့် လုပ်တာပေါ့။ ဘာမှမဖြစ်ဘဲ ၀င်ဖမ်းတယ်။ ပြီးရင် သိန်းချီတောင်းတယ်။ မပေးရင် ပုဒ်မတပ်ပြီး ထောင်ချဖို့ ခြိမ်းခြောက်တာမျိုးတွေရှိတယ်။ အခုဖြစ်တာက စစ်တပ်ထဲက တစ်ယောက်နဲ့သွားငြိလို့ဖြစ်မယ်။ ဌာနချုပ်ကဆင်းလာပြီး ဖမ်းသွားတာ”ဟု တပ်တွင်း သတင်းရင်း မြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဖမ်းဆီးခံခဲ့ရသည့် တပ်နယ်မှူး ဗိုလ်မှူးကြီ သန်းနိုင်စိုး သည် စစ်ကောင်စီတပ်၏ စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး စိုး၀င်း လူဖြစ်ကြောင်း The Voice Of Spring ၏ ဖော်ပြချက်အရသိရသည်။
မိတ္ထီလာအခြေစိုက်ဖြစ်သည့် အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ် (တမခ-၉၉) သည် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံဖြစ်ပြီး လက်အောက်ခံ တပ်ရင်းများကို မန္တလေးတိုင်းနှင့် နေပြည်တော်နယ် မြေအတွင်းဖြန့်ခွဲထားသည်။ အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်၏ တပ်မမှူးတာဝန်ထမ်း ဆောင်နေသူမှာ အလုပ်သင်ဗိုလ်အမှတ်စဥ်-၂၄ဆင်း ဗိုလ်မှူးကြီး ကျော်ထွန်းအောင် ဖြစ်သည်။
တပ်မ (၉၉)သည် စစ်ကိုင်းတိုင်း တာတိုင်ကျေးရွာတွင် လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများပြုလုပ်ခဲ့သည့် စစ်ကြောင်းကိုဦးဆောင်သည့်တပ်မဖြစ်ပြီး တပ်မ (၉၉) နှင့် ၎င်းလက်အောက်ခံ တပ်ရင်းများသည် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံပြည်သူများနှင့် နေအိမ်များကို မီးရှို့သတ်ဖြတ်မှုများလုပ်ဆောင်နေသည့် တပ်မဖြစ် သည်။
တပ်မ (၃၃) နှင့် တပ်မ (၉၉) တို့သည် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပေါ် လိင်အကြမ်း ဖက်ခြင်းအပါအဝင်အခြားအကြမ်းဖက်မှုများကျူးလွန်ခဲ့သောကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဗြိတိန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားသည်။
#မိတ္ထီလာမြို့ #တပ်မ၉၉ #တပ်နယ်မှူးဗိုလ်မှူးကြီး #နေပြည်တော် #စစ်ရုံးချုပ် #ဖမ်းဆီး #Ayeyarwaddy_Times